ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို အထောက်အကူပေးနိုင်တဲ့ အသက်ရှူ အထောက်အကူ ကိရိယာသစ်ကို မာစီဒီးဖော်မြူလာဝမ်းအဖွဲ့က သီတင်းတစ်ပတ်အတွင်း တီထွင်လိုက်ပါပြီ။
အဲဒီကိရိယာသစ်ကို လန်ဒန်ဆေးရုံတွေမှာ စမ်းသပ်အသုံးပြုနေပြီ ဖြစ်ပါတယ်။ အီတလီနဲ့ တရုတ်နိုင်ငံတွေမှာ (CPAP) လို့ခေါ်တဲ့ ကိရိယာတွေနဲ့ လူနာအဆုတ်ထဲကို လေသွင်းပြီး အသက်ရှူဖို့ အထောက်အကူပေးပါတယ်။
ဒီလိုလုပ်ခြင်း အားဖြင့် လူနာ ကိုယ်ထဲ ထည့်သွင်းရတဲ့ အသက်ရှူအထောက်အကူပြု ကိရိယာကို အသုံးပြုစရာ မလိုတော့ပါဘူး။
အခု မာစီဒီးဖော်မြူလာဝမ်းအဖွဲ့က တီထွင်လိုက်တဲ့ CPAP ကိရိယာသစ်ကို သက်ဆိုင်ရာစည်းမျဉ်းသတ်မှတ်ရေးအဖွဲ့အစည်းက ထောက်ခံချက်ပေးထားပြီး စမ်းသပ် အသုံးပြု ဖို့ လန်ဒန်ကောလိပ်ကို ရာနဲ့ချီ ဖြန့်ဝေမှာ ဖြစ်ပါတယ်။ အဲဒီနောက် တခြားဆေးရုံတွေကို အများအပြား ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
CPAP ကိရိယာတွေကို အသုံးပြုတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ အန္တရာယ် ရှိ မရှိ မေးရာမှာတော့ ဝန်ထမ်းတွေအနေနဲ့ သင့်လျော်တဲ့ PPE ဝတ်စုံကို ဝတ်ဆင်ထားရင် အန္တရာယ် သိပ်ကို နည်းတယ်ဆိုပြီး ပရော်ဖက်ဆာ ရေဗ္ဗကာရှစ်ပ်လေက ပြောပါတယ်။ အသက်ရှူ အထောက်အကူ ကိရိယာသစ်ဟာ မြန်မြန် ချုံ့၊ ချဲ့နိုင် နိုင်တယ်လို့လည်း ပြောပါတယ်။
ကိရိယာသစ် ထုတ်လုပ်မှုဟာ နာရီပေါင်း ၁၀၀ အောက်သာ ကြာမြင့်တယ်လို့ သိရပါတယ်။ တီထွင်တဲ့ အဖွဲ့မှာ CPAP ကိရိယာတွေအတွက် အောက်ဆီဂျင် စောင့်ကြည့်စက်တွေကို ထုတ်လုပ်မယ့် အောက်စဖို့ အော့ပ်ထရိုနစ် ကုမ္ပဏီငယ်တစ်ခုလည်း ပါဝင်တယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။
11 months Ago