ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ မြို့မရဲစခန်းမှာ ဧပြီ ၁၉ ရက်ကစတင်ကာ နတ်ကနားပွဲပြုလုပ် နေတယ်လို့ ရဲတပ်ဖွဲ့အသိုက်အဝန်းကနေ သိရပါတယ်။
နတ်ကနားပွဲကို မအူပင်မြို့မရဲစခန်းမှူး ဒုရဲမှူး ညွှန့်လှိုင်ကိုယ်တိုင် ဦးဆောင်ပြုလုပ်တာဖြစ်ပြီး သူအပါအဝင် ရဲစခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နတ်ကတော်ထံအပ်နှံနေတာလို့ မအူပင် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
မအူပင်ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက “သူ့အိမ်မှာ ဟိုတလောက လူသတ်မှုဖြစ်ပြီး သူ့ကိုထိခိုက်မှာ စိုးလို့ ခုလိုမျိုး ပွဲပေးတာလို့လည်းကြားတယ်။ ရဲတပ်ဖွဲ့ဝင်တွေကိုပါ နတ်ကတော်ကိုအပ်တာက နတ်ကိုအပ်ပေးခိုင်းတာ သူယုံကြည်ရာ သူလုပ်တာပေါ့”လို့ ပြောပါတယ်။
ဒုရဲမှူး ညွှန့်လှိုင်နေအိမ်မှာ လူသတ်မှုဖြစ်ခဲ့သလို ကိုယ်ဝန်ဆောင်မိခင်တဦးကို စစ်ဆေးရင်း သေဆုံးအောင် နှိပ်စပ်မိတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သရဲခြောက်ခံရတယ်လို့ မကြာခဏပြောဆိုလေ့ရှိပြီး စိတ် ကယောင်ချောက်ချားဖြစ်နေချိန်မှာ သူယုံကြည်ရာကို ခုလိုပြုလုပ်ပေးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
နတ်ကနားပွဲပြုလုပ်ချိန်မှာ စခန်းမှူး ဒုရဲမှူး ညွန့်လှိုင်က ကန်တော့ပွဲပေးပြီးတော့ နေအိမ်မှာလူသတ်မှုဖြစ်တာနဲ့ ပတ်သက်ပြီး မပြောင်းရွှေ့ရအောင် နတ်တွေကို ခွင့်တောင်းခံတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒုရဲမှူး ညွန့်လှိုင်ဟာ ဒေသခံပြည်သူတွေကို စွပ်စွဲဖမ်းဆီးငွေတောင်းလေ့ရှိသူ တဦးဖြစ်ပြီး ငွေမပေးတဲ့သူတွေကို ထောင်ချတာမျိုးတွေလည်းရှိကာ သူ့နေအိမ်မှာ လူသတ်မှုဖြစ်ပြီးနောက်ပိုင်း ပြောင်းရွှေ့ရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့သူလည်းဖြစ်ပါတယ်။
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံးရဲ့ ဖခင်ဖြစ်သူအပါဝင် ဒေသခံ ပြည်သူ ၄ ယောက်ကို စစ်ကောင်စီက ဇန်နဝါရီ ၁၆ ရက် ညပိုင်းက ဖမ်းဆီးသွားပါတယ်။
ဒေါ်အိအိပြုံးရဲ့နေအိမ်ကို ရဲနဲ့ စစ်ကောင်စီတပ်သားတွေက ည ၁၀ နာရီကျော်လောက်မှာ ဝင်ရှာပြီး ဒေါ်အိအိပြုံးကို မတွေ့တာကြောင့် ဖခင်ဖြစ်သူကို ဖမ်းသွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အိမ်ကို လာရှာတာ။ ကား ၂ စီးနဲ့ ဆိုင်ကယ်တွေလည်းပါတယ်။ အားလုံးက အရပ်ဝတ်တွေနဲ့ မြို့မရဲစခန်းမှူးလည်းပါလာတယ်။ စာရွက်စာတမ်းတွေလည်း သယ်သွားတာတွေ့တယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
အဲ့ဒီညပိုင်းမှာပဲ မအူပင်မြို့က အပြစ်မဲ့ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အိအိပြုံးရဲ့ ဖခင်ဖြစ်သူကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပြီးနောက် မအူပင်မြို့မရဲစခန်းအချုပ်မှာထားရှိကာ စစ်ဆေးမေးမြန်းနေပါတယ်။