မအူပင်မြို့

May 18, 2022

မအူပင်မြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး နေအိမ် ၁၆၀ ကျော်ပျက်စီး

ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်မှာ မေလ ၁၆ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်လို့ နေအိမ်အလုံး ၁၆၀ ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနကနေ သိရပါတယ်။ 

မအူပင်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာအုပ်စု ၁၂ စုမှာ လေပြင်းတိုက်ခတ်လို့ ပျက်စီးခဲ့တဲ့ နေအိမ်ပေါင်း  ၁၆၂ လုံးရှိပြီး  ပြိုကျတဲ့အိမ်က  ၃၂ လုံးထိရှိခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းတဦးကပြောပါတယ်။ 

“ညနေပိုင်း မိုးကြီးပြီး လေပြင်းပါ တိုက်တော့ ရွာဘက်တွေမှာ တော်တော်ပျက်စီးသွားတာ။ လဆန်းပိုင်းက ဖြစ်သလိုပေါ့။ လူထိခိုက်တာမျိုးတော့ မရှိဘူး။ ခုတော့ ထောက်ပံ့တာတွေလုပ်ပေးထားပြီ။” 

လေပြင်းတိုက်ခတ်လို့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်ကမိသားစုဝင်တွေကို နီးစပ်ရာ ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာ ယာယီနေထိုင်ဖို့စီစဉ်ပေးထားပြီး တပတ်စာ စားနပ်ရိက္ခာထောက်ပံ့ ပေးထားတယ်လို့ ဆိုပါတယ်။ 

မအူပင်မြို့မှာ မေလ ၂ ရက်ကလည်း လေပြင်းတိုက်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်း ၂ ကျောင်းအပါဝင် လူနေအိမ် ၁၅၇ လုံး ပျက်စီးခဲ့ပြီး အဲ့အထဲမှာ နေအိမ် ၈၄ လုံးပြိုကျခဲ့တယ်လို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန မှတ်တမ်းတွေအရ သိရပါတယ်။

1 week Ago

May 17, 2022

မအူပင်မြို့ ကျေးရွာအချို့တွင် ပျူစောထီးသင်တန်းဖွင့်ရန် ဆက်ကြေးကောက်နေ

ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်မှာ  မေလဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရဲတွေနဲ့ သတင်းပေးတွေပေါင်းပြီး ပျူစောထီးသင်တန်းဖွင့်ဖို့အတွက် ကျေးရွာတွေမှာ ဆက်ကြေးကောက်ခံနေတယ်လို့ သိရပါတယ်။

မအူပင်မြို့နယ်ထဲက ကုလားစု၊ ငါးကြီးဂရက်၊ အောင်ဟိတ်နဲ့ ချောင်းဖျားကြီးကျေးရွာတွေကို စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေရောက်လာပြီး သတင်းပေးတွေ လိုက်လံပြသတဲ့အိမ်တွေကို ငွေဝင်တောင်းတာတွေပြု လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“လာတာတော့ စစ်သားရော ရဲရောပါတယ်။ အရပ်ဝတ်နဲ့ သတင်းပေးတွေက အိမ်လိုက်ပြတယ်။ ရွာထဲက အိမ်တိုင်းကိုတောင်းတာမဟုတ်ဘူး၊ ပိုက်ဆံရှိတဲ့အိမ်တွေကို ရွေးဝင်တာ။ သူတို့က ဧည့်စာရင်းစစ်တဲ့ပုံစံမျိုး စာရွက် စာတမ်းတွေတောင်းပြီး ခြောက်လှန့်ပြီးတော့ ပိုက်ဆံတောင်းတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ပျူစောထီးသင်တန်းဖွင့်ဖို့အတွက် ကျေးရွာတွေက ပိုက်ဆံချမ်းသာတဲ့နေအိမ်တွေကို ဝင်ရောက်ပြီး ခြိမ်းခြောက်ကာ ဆက်ကြေးတောင်းတာကြောင့် အိမ် ၁ အိမ်ကို အနည်းဆုံး ၁ သိန်းခွဲကနေ အများဆုံး ၃ သိန်း ပေးရတဲ့အထိ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ရဲတွေက ခုလိုမျိုး ကျေးရွာတွေမှာ လိုက်လံဆက်ကြေးကောက်ခံနေပေမယ့် မတိုင်ရဲလို့ ဒီတိုင်းငြိမ်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

1 week Ago
More News
Up