မအီမြို့

June 4, 2018

မအီမြို့တွင်​ သုံး​လောင်းပြိုင်​ လူသတ်​မှုဖြစ်

ရခိုင်​ပြည်​နယ်၊​ ​တောင်​ကုတ်​မြို့နယ်​၊ မအီမြို့မှာ ဇွန်​လ ၄ ရက်​ မနက်​ ​အရုဏ်​မတက်​မီ အချိန်​က သုံး​လောင်းပြိုင်​လူသတ်​မှု ဖြစ်​ပွားခဲ့ပါတယ်။ မအီမြို့ ၂ ရပ်​ကွက်​ ကမ်းနားလမ်းမှာ​နေထိုင်​တဲ့ ဦး​ရွှေ​အေး​မောင်​​နေအိမ်​ကို မနက်​ ၂ နာရီ​လောက်​မှာ ဖိုးမြိုင်​​(ခ) ခင်​​မောင်​လင်းဟာ ဓားရှည်​တ​ချောင်းကိုင်​​ဆောင်​ ​ရောက်​ရှိလာပြီး လွန်​ခဲ့တဲ့ ၂ လ​လောက်​က ကွဲ​နေတဲ့ဇနီး မဝင်းဝင်း​မော်​ကို ပြန်​လိုက်​လာဖို့ ​ခေါ်​ဆောင်​ရာမှာ ဆက်​မ​ပေါင်းနိုင်​တဲ့အတွက်​ မလိုက်​ဘူးလို့ ငြင်းဆန်​ခဲ့ကြောင်း၊ မ၀င်းဝင်းမော်ရဲ့ ဖခင် ​ဦး​ရွှေ​အေး​မောင်​နဲ့ မိခင်​​ဒေါ်မခင်​သန်းတို့ကလည်း အခုလို လုပ်​ဖို့ ​မသင့်ကြောင်း တားမြစ်​တာကို ဖိုးမြိုင်​က အသင့်ပါလာတဲ့ဓားနဲ့ ခုတ်​တဲ့အတွက်​ ၂ ​ယောက်​စလုံး အခင်းဖြစ်​နေရာမှာ ​သေဆုံးခဲ့တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။ "သူက ​ယောက္ခမ​တွေကို ခုတ်​ပြီး မိန်းမကို ဆွဲ​ခေါ်သွားတယ်​။ ​နောက်​ အဲ့ဒီ​ကောင်​မ​လေး ကို ဂုတ်​ပီ​ချောင်းနားမှာ သတ်​ထားခဲ့တယ်​။ အခု တရားခံကိုမိဖို့ ပိုက်​စိတ်​တိုက်​ ရှာ​နေပါတယ်​။" မဝင်းဝင်း​မော်​ရဲ့ အ​လောင်းကိုတော့ မအီမြို့ရဲ့ အ​နောက်​ဘက်​ ၁ မိုင်​ခန့်​ အကွာက ဂုတ်​ပီ​ချောင်းကမ်းနားမှာ ​တွေ့ရတယ်လို့ ဆိုပါတယ်။ သတ်​ဖြတ်​သူ ခင်​​မောင်​လင်း(ခ) ဖိုးမြိုင်​ကို ည​နေပိုင်းအထိ အဖွဲ့ခွဲ လိုက်​လံရှာ​ဖွေ​နေပြီး ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ နဲ့ အမှုဖွင့် အ​ရေးယူထားတယ်​လို့ မအီရဲစခန်းက သိရပါတယ်​။ ဓာတ်​ပုံ - ကို​မောင်​လုံး
3 years Ago
Up