မဟုတ်မှန်

September 6, 2020

ကော့ကရိတ်မြို့အနီး တပ်မတော်နှင့်တိုက်ပွဲဖြစ်သည့်သတင်း မဟုတ်မှန်ဟု DKBA ခွဲထွက်ပြော

ကရင်​​ပြည်နယ်​၊ ကော့ကရိတ်မြိုနယ် ရန်ကုတ်ရွာအနီးမှာ စက်တင်ဘာ ၄ ရက်  ညနေပိုင်းနဲ့ ညပိုင်းတွေမှာ တပ်မတော်နဲ့ ဒီကေဘီအေ ခွဲထွက်တို့ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ဘူးလို့ ဒီကေဘီကေ ခွဲထွက်အဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။ ကော့ကရိတ်-မြဝတီလမ်းဟောင်း ရန်ကုတ်အနီးမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ ဒီကေဘီအေ ခွဲထွက်အဖွဲ့နဲ့ ဖြစ်ခဲ့တာမဟုတ်သလို ခေါင်းပုံချတာလို့ ဒီကေဘီကေ ခွဲထွက်အဖွဲ့ တာရှိသူတဦးက ပြောပါတယ်။ “တခုခု ကျနော်တို့ခေါင်းကို ပုံချတာဖြစ်တယ်။ ပြောချင်တာက ထွက်ပေါ်နေတဲ့သတင်းက မဟုတ်ဘူး။ မမှန်ဘူး။ မမှန်တဲ့အကြောင်း ပြည်သူလူထုကို သိစေချင်တယ်။ ကျနော်က အေးဆေးပဲနေတယ်။ တိုက်ပွဲဖြစ်လာရင် ပြည်သူလူထုပဲ ဒုက္ခရောက်မယ်။” တပ်မတော်နဲ့ ဘီဂျီအက်ဖ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး တပ်မဟာ ၇ လက်အောက်ခံအဖွဲ့ကို  လာရောက်တိုက်ခိုက်ခဲ့တာ​​လို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ရွာသား၊ ဦးစောအာဘိုက ပြောပါတယ်။ “ည​နေကလည်း​ ဖြစ်တယ်။ ညကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ခဏေနေတာ့ လက်နက်ငယ်သံတွေပါ ပါလာတယ်။ သေနတ်သံကြားတော့ ရွာသားတွေက မနေရဲတော့ဘူး။ ပြေးရတာပေါ့။” လတ်တလော တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီက  ဆက်သွယ်မေးမြန်းရာမှာ လောလောဆယ် အဖြေမပေးနိုင်သေးဘူးလို့ ကော့ကရိတ်မြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးစန်းနုက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားရာမှာ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဖြစ်ပွားတယ်ဆိုတာ အတည်ပြုနိုင်ဖို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ (အရှေ့တောင်တိုင်းစစ်ဌာနချုပ်) ဗိုလ်မှူးကြီး မောင်မောင်လတ်ကို ဆက်သွယ် မေးမြန်းရာမှာ “ပြောခွင့်မရှိပါဘူး။ ကျနော် ပြောခွင့်မရှိလို့ ပြောလို့မရသေးပါဘူး”လို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံရွာသားများ သေဆုံးမှုတွေရှိတယ်လို့ ပြောဆိုနေသလို စစ်ရှောင်ပြည်သူဦးရေစာရင်း အတည်ပြုလို့မရ​​သေးဘူးလို့ သက်ဆိုင်ရာက ထုတ်ပြန်တာ မရှိသေးပါဘူး။ ရဲမင်းခေါင်
8 months Ago

March 1, 2020

မန်းရွှေစက်တော်ဘုရားပွဲတော် ပိတ်သိမ်းမည့်သတင်း မဟုတ်မှန်ဟု ဂေါပကပြော

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် မကွေးတိုင်း၊ မင်းဘူး(စကုမြို့)တွင် ကျင်းပနေတဲ့ မန်းရွှေစက်တော်ဘုရားပွဲတော် ပိတ်သိမ်းတဲ့သတင်းထွက်ပေါ်နေတာ မဟုတ်မမှန်ကြောင်း ဂေါပကအဖွဲ့က ပြောပါတယ်။ မန်းရွှေစက်တော်ပွဲတော်ကြီး ပိတ်သိမ်းဖို့ မကွေးတိုင်းအစိုးရအဖွဲ့က တရားဝင်စာပေးပို့ထားတာ မရှိကြောင်းနဲ့ ဒီနေ့အချိန်ထိ ဘုရားဖူးပြည်သူတွေနဲ့ စည်ကားနေတယ်လို့ ဂေါပကဥက္ကဋ္ဌ ဦးဌေးဝင်းက ဒီဗွီဘီကို ပြောပါတယ်။ “ဘုရားမှာ လူစည်ကားပါတယ်။ မနက်ဖြန်အတွက် တည်းခိုဆောင်တွေ ကြိုတင်စာရင်းပေးတာတောင်မရတော့ပါဘူး။ ကျန်းမာရေးအတွက်တော့ နှစ်စဉ်ရှိတဲ့ အခမဲ့ဆေးခန်းအပြင် သတိပေးစာစောင်တွေဖြန့်ဝေပြီး၊ ကျန်းမာရေး သတိပေးချက်တွေကို တနေ့ ၂ ခါ ကြေညာပေးနေပါတယ်။ ဝူဟန်နဲ့ပတ်သက်တဲ့ အပူချိန်တိုင်းကိရိယာလည်း အဆင်သင့်ရှိနေပါတယ်။” မကွေးတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားလာမှာကို စိုးရိမ်တာကြောင့် နိုင်ငံအနှံ့အပြားက ဘုရားဖူးပြည်သူတွေ လာရောက်ကြတဲ့ မန်းရွှေစက်တော်ဘုရားပွဲတော်အား အမြန်ဆုံး စီမံပိတ်သိမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဂေါပကဥက္ကဋ္ဌထံ စာပေးပို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌက “အမတ်ပေးပို့တဲ့စာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားပါတယ်၊ ဒီနေ့အထိ တိုင်းအစိုးရက ပွဲတော်ပိတ်ဖို့ ညွှန်ကြားမထားသေးပါဘူး။ ပွဲတော်မှာ ကျန်းမာရေးအတွက် ဆရာဝန်တွေ ထားရှိထားပါတယ်။ အရေးအကြောင်းဆို ဘုရားဖူး ပြည်သူတွေ သိအောင် လုက်ဆောင်မှာပါ၊ လက်ရှိအတိုင်းအတာအထိ ပြည်သူတွေ မစိုးရိမ်ကြဘဲ မန်းရွှေစက်တော်ဘုရားလာဖူးကြပါ ပြောချင်ပါတယ်” လို့ ပြောပါတယ်။ မန်းသောင်ပြင်စျေးသည်တဦးဖြစ်တဲ့ မုံရွာမြို့က ဦးအောင်တင်က​ “အမတ် ပေးပို့တဲ့စာက အွန်လိုင်းပေါ်မှာ ရွှေစက်တော်ပိတ်ပြီလို့ တင်နေကြတော့ ဘုရားဖူးပြည်သူတွေက မေးကြပါတယ်။ အမှန်က ဘုရားမှာ ဒီနေ့အထိ ဘာပြဿနာမှမရှိဘူး။ မလိုလားသူတွေက ကောလာဟလဖြန့်တာနေမှာပါ၊ ပွဲတော်ကြီးကတော့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါ” လို့ ပြောပါတယ်။ ၂၀၂၀ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်နေ့ကနေ ဧပြီ ၁၇ ရက်နေ့အထိ ရက်ပေါင်း ၈၀ ကြာ ကျင်းပသွားမှာပါ။ ၂၀၂၀ ဇန်နဝါရီလအကုန်အထိ ဘုရားကြီဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ၇၀၀၀၀  ကျော်ရှိတယ်လို့ သိရပါတယ်။   တင်ရွှေ(မင်းဘူး)
1 year Ago
Up