မဟာအောင်မြေမြို့နယ်

May 6, 2022

မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း၊ ၈၅ လမ်းနဲ့ ၈၆ လမ်းကြားမှာ မေလ ၆ ရက် မနက် ၁၀ နာရီခွဲလောက်က သေနတ်နဲ့ ပစ်ခံရလို့  အမျိုးသားတယောက် သေဆုံးခဲ့ပြီး တယောက် ဒဏ်ရာရ သွားပါတယ်။

သေနတ်နဲ့ ပစ်ခံရသူဟာ အသက် ၄၇ နှစ်အရွယ် ဦးမိုးကို ဆိုသူဖြစ်ပြီး ညာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ဘယ်ဘက်ဝမ်းဗိုက် ကျည်ဖောက်ဝင် ဒဏ်ရာ ရရှိကာ နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။

“ပစ်ခံရသူက ကျောက်သမားလို့ သိရတယ်။ ခြောက်ချက်လောက် ပစ်သွားတာ။ ပစ်ပြီး မကြာဘူး အဲ့ဒီထိပ်မှာ ပိတ်ပြီး တားဆီး စစ်ဆေးတာတွေ လုပ်တယ်။” လို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်နေ ပြည်သူတဦး က ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ဦးမိုးကို အပြင် အသက် ၆၀ အရွယ် ဦးသောင်းတင် ဆိုသူလည်း ဘယ်ဘက် နံမှာ ကျည်ထိမှန်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။

ဘာကြောင့် သေနတ်နဲ့ ပစ်ခတ်ခဲ့တယ် ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ ဘယ်သူကမှ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

မေလ ၆ ရက် မနက်ပိုင်းက မန္တလေးမြို့အနှံ့ ပိတ်ဆို့ စစ်ဆေးခဲ့တဲ့အပြင် ချမ်းမြသာစည်မြို့နယ် မြို့သစ်ဘက်မှာ တအိမ်တက်ဆင်း စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 weeks Ago

March 28, 2022

မဟာအောင်မြေမြို့နယ် ရပ်ကွက်ရုံး မိုင်းခွဲခံရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ ၈၉ လမ်းနဲ့ လမ်း ၉၀ လမ်းကြားရှိ ဒေးဝန်းအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မတ်လ ၂၇ ရက် ညနေ ၄ နာရီကျော်က လက်လုပ်မိုင်းနဲ့ ပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့  ဒေးဝန်းအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ  ပေါက်ကွဲမှုကြောင့် အဆောက်အအုံနဲ့ လူထိခိုက်ပျက်စီးတာမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတဦးက “ရပ်ကွက်ရုံးမှာ တပ်စွဲထားတာ ရှိတယ်။ ဗုံးပေါက်ကွဲတော့ ပြန်ပစ်တယ်ထင်တယ်။ သေနတ်သံတွေလည်း ကြားတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မကြားမိဘူး”လို့ ပြေပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေဟာ လမ်းပိတ်ဆို့ပြီး လုံခြုံရေးတင်းကျပ် စစ်ဆေးနေပါတယ်။

ဒါ့အပြင် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ မနက် ၁၁ နာရီကလည်း ချမ်းမြသာစည်မြို့နယ် ဒေါနခြံရပ်ရှိ မိုင်တဲတာဝါတိုင်ဝင်းမှာ  ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါသေးတယ်။

2 months Ago
More News
Up