မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လွှတ်တော်တွင် ယနေ့ ဆွေးနွေးမည်

June 20, 2015

ဒေါက်တာသန့်မြင့်ဦး ဖူကူအိုကာ Grand Prize ဆုရရှိ

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) တည်ထောင်သူ ဒေါက်တာ သန့်မြင့်ဦးဟာ ၂၀၁၅ ခုနှစ်အတွက် ဖူကူအိုကာ Grand Prize ပေးအပ်ခံရကြောင်း ဖူကူအိုကာ ဆုချီးမြှင့်ရေး ကော်မတီက ဇွန် ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အာရှနဲ့ လူ့အဖွဲ့အစည်းအတွက် သူ့ရဲ့ သူမတူထူးခြားတဲ့စွမ်းဆောင်မှုကြောင့် ဒေါက်တာသန့်မြင့်ဦးဟာ ဖူကူအိုကာ Grand Prize ကို အမှန်တကယ်ထိုက်တန်တဲ့ ဆုရှင်ဖြစ်တယ်လို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂျပန်အခြေစိုက် ဖူကူအိုကာ Grand Prize ဟာ အာရှရဲ့ပညာရေး၊ အနုပညာနဲ့ ယဉ်ကျေးမှု ဆိုင်ရာကဏ္ဍတွေမှာ ထူးချွန်စွာ စွမ်းဆောင်ခဲ့သူတွေကို နှစ်စဉ်ပေးအပ်တဲ့ဆုဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွက် သမိုင်းဆိုင်ရာကဏ္ဍအတွက် Grand Prize ကို မြန်မာနိုင်ငံသား ဒေါက်တာသန့်မြင့်ဦး၊ Academic Prize ကို အိန္ဒိယနိုင်ငံသား ရာမာချန်ဒရာဂူဟာတို့က ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး  အနုပညာနဲ့ယဉ်ကျေးမှုဆိုင်ရာကဏ္ဍအတွက် Academic Award ကို ဗီယက်နမ်နိုင်ငံသူ မင်းဟဲန်က ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒေါက်တာသန့်မြင့်ဦးက “အခုလို တန်ဖိုးကြီးမားတဲ့ ဆုကိုရရှိတဲ့အတွက် အလွန်ဝမ်းသာ ဂုဏ်ယူမိတယ်” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒေါက်တာသန့်မြင့်ဦးဟာ ၂၁ ရာစုအာရှရဲ့ ထင်ရှားတဲ့ပညာရှင်တဦးဖြစ်ပြီး မြန်မာပြည်သူလူထုရဲ့အသံကို ကိုယ်စားပြုပြီး နိုင်ငံတကာအသိုက်အ၀န်းနဲ့ ချိတ်ဆက်ပေးသူတဦး ဖြစ်တယ်လို့ ကော်မတီက ညွှန်းဆိုခဲ့ပါသေးတယ်။ ဒေါက်တာသန့်မြင့်ဦးဟာ  မြန်မာနိုင်ငံရှိ သမိုင်းဝင် အဆောက်အအုံတွေ  ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ရေရှည်တည်တံ့တဲ့ မြို့ပြစီမံကိန်းရေးဆွဲရေးကိစ္စရပ်တွေမှာ တစိုက်မတ်မတ်လုပ်ဆောင်နေတာပါ။ မြန်မာနိုင်ငံသမိုင်းကြောင်းကို လက်လှမ်းမီ သမျှ ရေးသားနေတဲ့ သမိုင်းပညာရှင်တဦးလည်း ဖြစ်ပါတယ်။ ဒေါက်တာသန့်မြင့်ဦးဟာ ၂၀၀၀ ပြည့်နှစ်မှာ သူ့ရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့ “The Making of Modern Burma” ကို စတင်ရေးသားခဲ့ပြီး သူရေးသားခဲ့တဲ့စာအုပ်တွေထဲက “ခြေရာပျောက်မြစ်”နဲ့ “တရုတ်နှင့် အိန္ဒိယ ဆုံမှတ်” စာအုပ်များကို မြန်မာဘာသာနဲ့ ပြန်ဆိုခဲ့ပြီးဖြစ်ပါတယ်။ “ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ အရေးကြီးလှတဲ့ လုပ်ငန်းတာ ၀န်တွေကို ဒီဆုကထင်ဟပ်နေပြီး မြန်မာ-ဂျပန်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ပြယုဂ်လည်း ဖြစ်ပါတယ်။ ဒီဆုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံယူနိုင်ဖို့အတွက် ဒီနှစ်အတွင်းမှာ ဂျပန်နိုင်ငံကို သွားရောက်နိုင်ဖို့လည်း မျှော်လင့်ပါတယ်” လို့ ဒေါက်တာသန့်မြင့်ဦးရဲ့စကားကို ကိုးကားပြီး ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလတုန်းကလည်း ဒေါက်တာသန့်မြင့်ဦးဟာ ဗြိတိန်နိုင်ငံ Prospect မဂ္ဂဇင်းက ရွေးချယ်တဲ့ ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူ ၅၀ စာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ဖူကူအိုကာဆုကို မြန်မာနိုင်ငံမှ ၂၀၀၀ ခုနှစ်အတွက် ဒေါက်တာသန်းထွန်း နဲ့ ၂၀၀၅ ခုနှစ်အတွက် ဒေါက်တာသော်ကောင်းတို့လည်း ရရှိခဲ့ဖူးတဲ့အတွက် ဒေါက်တာသန့်မြင့်ဦးဟာ မြန်မာနိုင်ငံသားများ ထဲမှ တတိယမြောက်ဆုရရှိသူဖြစ်လာတာပါ။
6 years Ago

June 19, 2015

မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း မဲခွဲပြီး အတည်ပြု

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်ကို အစိုးရအဖွဲ့ကိုယ်စား ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က တင်သွင်းခဲ့တဲ့ မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်း ၂၀၄၀ ကို ဒီကနေ့လွှတ်တော်မှာ လျှို့ဝှက်မဲပေးတဲ့ နည်းလမ်းနဲ့ မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ အဲ့ဒီလျှို့ဝှက်စွာမဲခွဲဆုံးဖြတ်ရာမှာ မဲပေးတဲ့ကိုယ်စားလှယ် ၁၁၆ ဦးရှိပြီး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဖို့ ထောက်ခံမဲ (၁၁၃)၊ ကန့်ကွက်မဲ (၂)၊ ပယ်မဲ (၁) မဲရှိရာ ထောက်ခံမဲ များတဲ့အတွက် အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ ကို ဆွေးနွေးသူ ၃ ဦးမှာ ကန့်ကွက်ဆွေးနွေးသူ ၂ ဦးနဲ့ ထောက်ခံဆွေးနွေးသူ ၁ ဦးရှိပါတယ်။ အဲ့ဒီလိုဆွေးနွေးရာမှာ ဇွန်လ ၁၅ ရက်နေ့မှာ လွှတ်တော်ကအတည်ပြုလိုက်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းအကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့တဲ့အတွက် ဆွေးနွေးမှု ခေါင်းစဉ်လွဲမှားတယ်လို့ဆိုကာ လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက သတိပေးခဲ့တာလည်းရှိခဲ့ပါတယ်။ 11415464_10205399006667094_909684242359293416_oမဟာရန်ကုန်မြို့ပြဖွံဖြိုးရေးမဟာ ဗျူဟာစီမံကိန်း ၂၀၄၀ မှာ ဦးစားပေးအလိုက်မြို့သစ်စီမံကိန်း ၇ ခုပါဝင်ပြီး (၁) ရန်ကုန် အရှေ့ပိုင်းမြို့သစ်၊ (၂) အနောက်တောင်ပိုင်းမြို့သစ်၊ (၃) သံလျင်မြို့သစ်၊ (၄) ဒလမြို့သစ်၊ (၅)ထန်းတပင်မြို့သစ်၊(၆)မှော်ဘီမြို့သစ်၊ (၇)လှည်းကူးမြို့သစ်တို့ဖြစ်ပါတယ်။ မြို့သစ် (၇) ခု အနီးရှိ ဒေသတွေကို ကျေးရွာ မြှင့်တင်တာ၊ အထပ်မြင့်တိုက်တွေ တည်ဆောက်တာ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ စပ်ဆက်တဲ့ စက်မှုလုပ်ငန်းတွေ တည်ထောင်တာတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အဲဒီစီမံကိန်းမှာ ပါဝင်မယ့် မြို့သစ်တွေမှာ လူဦးရေ ၁၀ သန်းကျော် နေထိုင်နိုင်မယ့် မြေ ဧက ၁၁၈၇၃၂ ပါရှိပြီး ၈၁၇၇.၅၁ ကျပ်ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။
6 years Ago
Up