မဟာဓာတ်အားလိုင်း

October 13, 2020

မွမ်ဘိုင်းမြို့တွင် မဟာဓာတ်အားလိုင်း ချို့ယွင်းမှုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်

အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ မဟာဓာတ်အားလိုင်း ချို့ယွင်းမှုကြောင့် အောက်တိုဘာ ၁၂ ရက်က လျှပ်စစ်ဓာတ်အား အကြီးအကျယ် ပြတ်တောက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လူဦးရေ သန်း ၂၀ ရှိတဲ့ မြို့ထဲမှာ ရထားလမ်းစနစ်လည်း အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားလိုင်း ချို့ယွင်းချက်ကြောင့် မွမ်ဘိုင်းမြို့ပေါ်အနှံ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ ဘရီဟန်မွမ်ဘိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပို့ဆောင်ရေး အေဂျင်စီ (BEST) က တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။ မွမ်ဘိုင်းမြို့က မီးရထားစနစ်မှာ တရက်ကို ခရီးသည် ၇ သန်းကျော် သယ်ယူပို့ဆောင် ပေးနေတာပါ။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဝန်ဆောင်မှု လျှော့ချထားတဲ့အပြင် ခရီးသည်တွေကလည်း ခါတိုင်းထက် အလွန်အမင်း လျော့နည်းနေပါတယ်။ အိန္ဒိယရဲ့ အဓိက စတော့အိတ်ချိန်း နှစ်ခုဖြစ်တဲ့ နေရှင်နယ် စတော့အိတ်ချိန်းနဲ့ BSE ရယ်၊ နိုင်ငံတကာလေဆိပ်ရယ်ကတော့ ပုံမှန်အတိုင်း လုပ်ငန်းလည်ပတ်နေပါတယ်။ မဟာဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းခွင်မှာ နည်းပညာပြဿနာကြောင့် ချို့ယွင်းတာလို့ မွမ်ဘိုင်းမြို့ ရှိရာ မဟာရတ်ရှ်ထရာပြည်နယ် စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။ လက်ရှိမှာတော့ မြို့တွင်းနေရာ အတော်များများမှာ လျှပ်စစ်မီး ပြန်ရနေပြီဖြစ်ပြီး ရထားခရီးစဉ်တွေလည်း ပြန်စနေပြီလို့ မျက်မြင်သက်သေတွေနဲ့ အစိုးရပိုင် ရထားဌာနက ပြောပါတယ်။
7 months Ago
Up