မဟာချိုင်

April 27, 2018

မဟာချိုင်တွင် မြန်မာအလုပ်သမား ၄ ဦး ပစ္စည်းခိုးမှုဖြင့် စွပ်စွဲဖမ်းဆီးခံရ

ထိုင်းနိုင်ငံ အလယ်ပိုင်း၊ ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်ရှိ အထည်ချုပ်စက်ရုံတရုံမှာ မြန်မာ အလုပ်သမား ၄ ဦး အထည်ခိုးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရပါတယ်။ သူတို့ ၄ ဦးမှာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး ပါဝင်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့က ဂျင်းဘောင်းဘီဆယ်ထည်ပါ အထုတ်တထုတ် ခိုးယူတယ်လို့ စက်ရုံပိုင်ရှင်က စွပ်စွဲခဲ့ကြောင်း၊ ဒါပေမယ့် ခိုးယူကြောင်း အထောက်အထား တစုံတရာမရှိသလို၊ ၄ ဦးထဲက ၁ ဦးမှာလည်း စက်ရုံမှာ ရှိမနေဘဲနဲ့ အဖမ်းခံရတာလို့ အေအေစီအလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာ မိတ်အဖွဲ့ (ယာယီဖျက်သိမ်း)မှ တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ “သူတို့ မခိုးရဘဲနဲ့ ခိုးတယ်လို့ စွပ်စွဲခံရတဲ့အကြောင်း အဲဒီနေ့ကပဲ ကျနော်တို့ကို လာတိုင်ထားပါတယ်ခင်ဗျ။ သူတို့ခိုးနေတဲ့ အထောက်အထား စီစီကင်မရာတွေလည်း မပြနိုင်ဘူး။ အဲဒီထဲက ကောင်လေးတယောက်ဆို စက်ရုံထဲတောင် မဝင်ဖူးဘူး၊ ဒါပေမယ့် ဒီပြဿနာမှာ အဓိကက သူတို့လုပ်တဲ့စက်ရုံမှာ လုပ်ခအပြည့်မပေးဘဲ ၂၀၀ ပဲရတယ်ဆိုပြီး ဒီမတိုင်ခင် အလုပ်သမားရုံးမှာ သွားတိုင်ထားတာရှိတယ်။ အဲဒီနောက်ပိုင်း လုပ်အားခတွေ အပြည့်ပေးလိုက်ရတာကို အလုပ်ရှင်က မကျေနပ်လို့ ဒီအငြိုးနဲ့ စွပ်စွဲတယ်လို့လည်း ပြောတယ်။ မနေ့က ရုံးချိန်းရှိတော့ တဦးကို ဘတ် ၁ သိန်းစီနဲ့ အာမခံပေးပြီး အပြင်ကနေ အမှုရင်ဆိုင်ဖို့ ပြောပါတယ်။ ဒါပေမယ့် သူတို့မှာ ပိုက်ဆံမရှိတော့ ၄ ယောက်လုံး အချုပ်ထဲရောက်သွားပြီ။” အလုပ်သမားတွေ တရားမျှတမှု ရရှိရေးအတွက် ရှေ့နေငှားပြီး ရင်ဆိုင်ရမှာဖြစ်ကြောင်း၊ ဒါပေမယ့် အလုပ်သမားတွေမှာ ရှေ့နေငှားခပင် မတတ်နိုင်လို့ ထိုင်း-မြန်မာသံရုံးအနေနဲ့ ကူညီဆောင်ရွက်ပေးနိုင်ဖို့  ဒုသံအမတ် ဦးချမ်းအေးထံ အကြောင်းကြားထားတယ်လို့ ကိုရဲမင်းက ဆက်ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်ကောက် ထိုင်း-မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက သူတို့အနေနဲ့ မနေ့က ကိုယ်စားလှယ်လွှတ်ပြီး အဆိုပါ မြန်မာအလုပ်သမား ၄ ဦးကို သွားရောက်တွေ့ဆုံအားပေးခဲ့သလို အမှန်တရားပေါ်ပေါက်ရေးနဲ့ အလုပ်သမားတွေ တရားမျှတမှုရရေးအတွက် ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “သူတို့နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ကူညီပေးနေပါတယ်ခင်ဗျ။  ဖြစ်စဉ် မှန်တယ်၊ မှားတယ် ဆိုတာကတော့ သက်ဆိုင်ရာက ကာယကံရှင်တွေကို စစ်ဆေးတဲ့အပေါ် မူတည်တာပေါ့နော်။ ၄၈ ရက်အတွင်း စစ်ဆေးမှာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်ကတော့ အမှုမှန်အတိုင်း သွားမှာပေါ့နော်၊ ကိုယ့်ဘက်က အားမနည်းအောင်တော့ စီစဉ်ထားတယ်။  ထိုင်းနိုင်ငံ ရှေ့နေများကောင်စီကနေပြီးတော့ ရှေ့နေတွေ ကျနော်တို့ ငှားမယ်။ ပြီးတော့ တဖက်နဲ့ တဖက် စစ်တဲ့နေရာမှာ အဆင်ပြေအောင်လို့ ဆိုပြီးတော့ MWRN (ရွှေ့ပြောင်းလုပ်သား အခွင့်အရေးကွန်ရက်) အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကူအညီတောင်းထားပါတယ်။” ခိုးမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၄ ဦးဟာ လောလောဆယ် ဆမွတ်ဆာခွန်းခရိုင် တရားရုံး အချုပ်ခန်းထဲ ရောက်ရှိနေပြီး သူတို့အမှုကို စစ်ဆေးဖို့ လာမယ့် မေလ ၉ ရက်မှာ ထပ်မံချိန်းဆိုထားပါတယ်။ Photo : Ye Min
4 years Ago

February 6, 2017

ထိုင်းနိုင်ငံ မဟာချိုင်တွင် မြန်မာအမျိုးသမီး ၁ ဦး အသတ်ခံရ

  ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းမြို့ မဟာချိုင်ရပ်ကွက်ထဲမှာ ယမန်နေ့ညနေပိုင်းက မြန်မာအမျိုးသမီးတဦး အသတ်ခံရတယ်လို့  မတ်တီချွန်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၅ ရက် ညနေ ၄ နာရီလောက်က မဟာချိုင်ရှိ ရွှေ့ပြောင်းအလုပ်သမား အများစုနေထိုင်ရာ ခွမ်ကျိုင်တိုက်ခန်းတစ်ခုထဲမှာ လူသတ်မှုဖြစ်ပွားကြောင်း  သတင်းပေးပို့ချက်အရ အခင်းဖြစ်ပွားရာ နေရာကို သွားရောက်စစ်ဆေးကြည့်ရှုရာမှာ လက်ပြန်ကြိုးတုတ်ခံရပြီး မှောက်ရက်လဲကျသေဆုံး နေတဲ့ အမျိုးသမီးတဦးကို တွေ့ရတယ်လို့  ဆမွတ်ဆာခွန်းမြို့မရဲစခန်း တာဝန်ကျ ဒုရဲအုပ် နတ်ချား ရီး နုတ်ကစ်သီဆန်က သတင်းထောက်တွေကို ပြောပါတယ်။ အမျိုးသမီးမျက်နှာမှာ ဖူးယောင်နေတဲ့ဒဏ်ရာ၊ နဖူးမှာချွန်ထက်တဲ့အရာနဲ့ အခုတ်ခံရတဲ့ဒဏ်ရာရှိပြီး ပါးစပ်မှာလည်း သွေးတွေထွက်နေကြောင်း၊ သေဆုံးသူနဲ့ မလှမ်းမကမ်းမှာရှိတဲ့  ပုဆိန်တလက်၊ ၀က်အူလှည့် ၃ ချောင်း ဓားတချောင်းကိုလည်း သက်သေအဖြစ်သိမ်းဆည်းထားတယ်လို့ ဒုရဲအုပ်က ပြောပါတယ်။ အခန်းဖော်တွေ ပြောပြချက်အရ သေဆုံးသူမှာ တလတ်ကုန့်ဈေးထဲမှာ ပုစွန်ရွေးတဲ့အလုပ် လုပ်ကိုင် နေသူ မြန်မာရွှေ့ပြောင်းအလုပ်သမား မမော် (အသက် ၃၇ နှစ်) ဆိုသူဖြစ်ကြောင်း၊ ဒီအခန်းမှာ လာငှားနေသူနဲ့  ရင်းနှီးစွာဝင်ထွက်သွားလာနေသူလို့ ဆိုပါတယ်။ တာဝန်ရှိရဲတပ်ဖွဲ့က  အခန်းငှားသူ မြန်မာအလုပ်သမား ကိုယုထွန်း (အသက် ၃၃ နှစ်)ကို ရှာဖွေဖမ်းဆီးမေးမြန်းရာမှာ အစပိုင်း တာဝန်ရှိသူကို ဝေ့လည်ကြောင်ပတ်ဖြေကြားပြီး၊ ဆက်လ က်စစ်ဆေးရာမှာ   မူးယစ်ဆေးဝါးသုံးစွဲထားတာ တွေ့ရသလို လူသတ်မှုကျူးလွန်ကြောင်း ၀န်ခံသွား တယ်လို့ ဆိုပါတယ်။ သူဟာ ဒီအခန်းမှာ လာငှားနေတာ ၂ ရက်သာရှိသေးကြောင်း၊ မမော်နဲ့သူဟာ တလတ်ကုန့်ဈေးထဲမှာ အတူအလုပ်လုပ်တဲ့ အသိတွေဖြစ်ပြီး အခင်းဖြစ်တဲ့နေ့က သူက အခန်းထဲကနေ မမော်ကို ပစ္စည်းတခု ၀ယ်ပြီး လာပို့ပေးဖို့ ဖုန်းဆက်ခဲ့ကြောင်း၊ မမော်က ပစ္စည်းလာပို့တော့ စကားများရန်ဖြစ်ပြီး သူက မမော်ရဲ့မျက်နှာကို ထိုးကြိတ်ကြောင်း မမော်က အော်ဟစ်ခြင်းမပြုနိုင်အောင် ပါးစပ်ကို အ၀တ်စည်းပြီး မမော်သတိမေ့လဲကျသွားချိန် ပုဆိန်နဲ့ထပ်ခုတ်ခဲ့တယ်လို့ ၀န်ခံထွက်ဆိုသွား ပါတယ်။ အခုလို လုပ်ရတဲ့အကြောင်းမှာ မမော်က သူနဲ့သူ့ရည်းစားကို ကွဲသွားအောင် အောက်လမ်းဆေး အသုံးပြုပြီး လုပ်ခဲ့သူဖြစ်လို့ ဆိုပြီးပြောသွားပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ကတော့ သူ့အပြောကို ယုံကြည်ခြင်းမရှိဘဲ သေသူရဲ့ အ၀တ်အစားတွေ ဖရိုဖရဲဖြစ်နေတာကို  ကြည့်ခြင်းအားဖြင့် သူဟာ မူးယစ်ဆေးဝါးသုံးထားပြီး  လိင်စိတ်ကြွစဉ် အမျိုးသမီးရောက်လာတော့ အဆိုပါအမျိုးသမီးကို မုဒိမ်းကျင့်ရန်ကြံရွယ်စဉ် အမျိုးသမီးက ရုန်းကန် ငြင်းဆန်တဲ့အတွက် ခုလိုအကြမ်းဖက်လူသတ်မှုဖြစ်သွားရတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောပါတယ်။ မူလသတင်း - http://www.matichon.co.th/news/453169  
5 years Ago
Up