မသန်စွမ်း ၁၉ ဦး

March 17, 2020

မသန်စွမ်း ၁၉ ဦးအား ဓားဖြင့်ထိုးသတ်ခဲ့သူကို ဂျပန်တရားရုံး သေဒဏ်ချမှတ်

စိတ်ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာတခုက မသန်စွမ်းပုဂ္ဂိုလ် ၁၉ ဦးကို သေစေခဲ့တဲ့ ဓားထိုးမှုကျူးလွန်သူ ဂျပန်အမျိုးသားတဦးကို တရားရုံးက မတ် ၁၆ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်ပါပြီ။ ဆာတိုရှိအူအဲမတ်ဆုလို့ ခေါ်တဲ့ အဲဒီအမျိုးသားဟာ တိုကျိုမြို့အနီးရှိ စောင့်ရှောက်ရေး ဂေဟာမှာ တချိန်က အလုပ်လုပ်ခဲ့ဖူးသူလည်း ဖြစ်တယ်လို့ နိုင်ငံတကာမီဒီယာတွေက ဖော်ပြပါတယ်။ ၂၀၁၆ က ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ အကြမ်းဖက်ပြစ်မှုတွေ ဖြစ်ခဲလှတဲ့ ဂျပန်နိုင်ငံမှာ အများပြည်သူကို အံ့ဩစေခဲ့တဲ့ အဆိုးဝါးဆုံး လူအစုအပြုံလိုက် သတ်ဖြတ်မှုတခုလည်း ဖြစ်ခဲ့ပါတယ်။  တရားခံဟာ အစောပိုင်းက မိုင်နိချိရှင်မ်ဘွန်းသတင်းစာနဲ့ အင်တာဗျူးမှာလည်း စိတ်ကျန်းမာရေးမကောင်းတဲ့သူတွေကို လူ့အဖွဲ့အစည်းအကျိုးအတွက် သတ်ခဲ့တာလို့ ထုတ်ဖော်ဖူးပါတယ်။  အသက် ၃၀ အရွယ် ရှိတဲ့ အူအဲမတ်ဆုဟာ ၂၀၁၆  ဇူလိုင် ၂၆ က တိုကျိုမြို့ပြင်မှာရှိတဲ့ ဆုကူအီယာမယုရိအန် စောင့်ရှောက်ရေးဂေဟာကို ကားပေါ်မှာ ဓားတွေအများကြီး တင်မောင်းလာခဲ့ရင်း၊ ပြတင်းပေါက်တခုကို ချိုးဖျက်ပြီး ဂေဟာထဲ ဝင်ခဲ့ပါတယ်။  ဒီနောက်မှာတော့ ဂေဟာထဲ အိပ်ပျော်နေတဲ့ လူနာတွေကို တခန်းချင်းဝင်ပြီး ဓားနဲ့ ထိုးသတ်ခဲ့ပါတယ်။ သေဆုံးသူတွေကတော့ အသက် ၁၉ နှစ်ကနေ ၇၀ အရွယ်အတွင်း လူတွေဖြစ်ပြီး၊ နောက်ထပ် ၂၅ ဦးကတော့ ဒဏ်ရာတွေမျိုးစုံ ရခဲ့ပါတယ်။  အခင်းဖြစ်ပွားပြီးနောက် အူအဲမတ်ဆုဟာ ရဲစခန်းကို ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့ပြီး၊ ဆေးရုံပို့ စစ်ဆေးကုသခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ထိန်းသိမ်းခံခဲ့ရတာပါ။  သူ့ရှေ့နေတွေက သူဟာ စိတ်ကျန်းမာရေးဒဏ် ခံစားနေရပြီး ဆေးအလွဲသုံးမှုလည်း ရှိတယ်လို့ လျှောက်လဲခဲ့ပေမယ့် ယိုကိုဟားမားခရိုင် တရားရုံးက ကြိုးမိန့်သေဒဏ်ကို မတ် ၁၆ ရက်နေ့မှာ ချမှတ်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။ 
2 years Ago
Up