မသန်စွမ်းအလုပ်သမားတဦးကို ရိုက်နှက်သတ်ဖြတ်မှုတွင် ထိုင်းရဲအရာရှိသားများ ပါဝင်

A d v e r t i s e m e n t With Us

May 4, 2016

မသန်စွမ်းအလုပ်သမားတဦးကို ရိုက်နှက်သတ်ဖြတ်မှုတွင် ထိုင်းရဲအရာရှိသားများ ပါဝင်

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ ထိုင်းနိုင်ငံမှ မသန်စွမ်း အလုပ်သမားတဦးကို အုပ်စုဖွဲ့ ထိုးနှက်တိုက်ခိုက်ကာ ဓားနဲ့ထိုးသတ်ခဲ့ကြသူ ၆ ဦးထဲမှ ၄ ဦးဟာ ရဲအရာရှိတွေရဲ့သားတွေ ဖြစ်ကြတယ်လို့ ထိုင်းအခြေစိုက် ခေါင်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။ အသက် ၃၆ နှစ်အရွယ် ကိတ်မုန့်ဆိုင်အလုပ်သမား ဆွန်ကီရက်ဆီရိချန်ဟာ ချော့ချိုင်ဆွိုင် ၄ အရပ်က ကိတ်မုန့်ဆိုင်ပြင်ပမှာ ထိုင်းရဲအရာရှိတွေရဲ့သား ၄ ဦး အပါအ၀င် လူ ၆ ဦးက ထိုးနှက်တိုက်ခိုက်ကာ ဓားနဲ့ ထိုးသတ်ခဲ့တဲ့အတွက် အဲဒီနေ့မနက် ၈ နာရီခွဲမှာ သေဆုံးခဲ့ရတာပါ။ သူတို့ ၆ ဦးလုံးကို ဖမ်းမိခဲ့ပြီး အဲဒီထဲမှ ၄ ဦးက သူတို့ဟာ ရဲအရာရှိတွေရဲ့ သားတွေဖြစ်တယ်လို့ ၀န်ခံလိုက်တာပါ။ သူတို့ ၄ ဦးကတော့ ညီအစ်ကိုရင်းတွေဖြစ်တဲ့ အာရင် (အသက် ၂၀ နှစ်) နဲ့ ပီရာပို ယော့ဒ်ပွန်ဂန်နန် (အသက် ၂၁ နှစ်) တို့နဲ့ မက်ခ်ပိုလ်ကရီဆွန် (အသက် ၁၉ နှစ်)၊ မွန်မန် နက်ဆန်ဖို (အသက် ၂၂ နှစ်) တို့ ဖြစ်ကြပါတယ်။ အသတ်ခံရသူ ဆွန်ကီရက်ဟာ လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ မသန်စွမ်းတဦးဖြစ်ပြီး အဆိုပါ ၆ ယောက်အုပ်စုက ရန်စစော်ကားချိန်မှာ စကားများကာ ခုလို တိုက်ခိုက်ခံရတာဖြစ်တယ်လို့  ချော့ခ်ချိုင်ရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိ ချိုင်ယော့ချွန်နာဝပ်က ဆိုပါတယ်။ တိုက်ခိုက်မှုအပြီး ဆွန်ကီရက်ကို ပါအိုလို အောက်မေ့ဖွယ်ဆေးရုံဆီ ပို့ဆောင်ခဲ့ပြီးနောက်မှာ သေဆုံးသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူတို့အားလုံးဟာ အရက်သေစာတွေ သောက်စားထားခဲ့ကြပြီး ကိတ်မုန့်ဆိုင်ရှေ့အရောက် ဆွန်ကီရက်ကို တွေ့ချိန်မှာ ခုလို ကျူးလွန်မိခဲ့တာဖြစ်တယ်လို့ ချိုင်ယော့က ပြောပါတယ်။ သူတို့အားလုံးဟာ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေဆီ ခွင့်ပြုချက်မရရှိဘဲ ဓားလက်နက် သယ်ဆောင်မှု၊ သေစေတဲ့အထိ အကြမ်းဖက် သတ်ဖြတ်မှုတွေအတွက် ပြစ်ဒဏ်ကျခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့နေရာမှာ သံသယရှိသူတွေထဲက တဦးရဲ့ ရည်းစား မိန်းကလေးကလည်း ဆွန်ကီရက်ကို သတ်လိုက်ဖို့ အော်ပြောခဲ့တယ်လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။ လက်ရှိမှာတော့ ရဲအရာရှိတွေဟာ အခင်းဖြစ်တဲ့ နေရာတ၀ိုက်က စီစီတီဗွီ လုံခြုံရေးကင်မရာတွေကနေတဆင့် အမှုမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို ဆက်လက်ရှာဖွေနေတာ ဖြစ်ပါတယ်။ ဖမ်းဆီးထားသူ ၆ ဦးထဲမှ ပီရာပို ယော့ဒ်ပွန်ဂန်နန် ဆိုသူကတော့ ရန်ပွဲမှာ ဘယ်ဘက်လက်မောင်း ပြတ်ရှဒဏ်ရာတွေကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံနေရတာပါ။ ကျန်တဲ့ ၅ ဦးကတော့ အာမခံချက် တစုံတရာ မရရှိဘဲ ရက်ခ်ျချာဒါပြစ်မှုဆိုင်ရာ တရားရုံးမှာ စစ်ဆေးနေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up