မသန်စွမ်းသူများ စွမ်းရည်ပြသည့်အနေဖြင့်

November 28, 2016

မသန်စွမ်းသူများ စွမ်းရည်ပြသည့်အနေဖြင့် မုံရွာ-မန္တလေးခရီးစဉ်စတင်

မြန်မာနိုင်ငံက မသန်စွမ်းသူတွေရဲ့ သန်စွမ်းမှု စွမ်းရည်ပြသတဲ့အနေနဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ မန္တလေးမြို့ထိ သုံးဘီးလက်တွန်းဝှီးချဲတွေနဲ့   ၄ ညအိပ်၊ ၅ ရက်ခရီး ဒီကနေ့ စတင်လိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာမသန်စွမ်းနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတဲ့ မသန်စွမ်းသူများရဲ့ သန်စွမ်းမှုစွမ်းရည်ပြပွဲဖွင့်ပွဲကို ဒီကနေ့ မနက် ၆ နာရီအချိန်က မုံရွာမှာ စတင်ကျင်းပခဲ့ပြီး  အသက် ၁၈ နှစ်မှ ၅၀ ထိ အမျိုးသားတွေ ပါဝင်ယှဉ်ပြိုင်ကြတာပါ။ စွမ်းရည်ပြပွဲမှာ သုံးဘီးဝှီးချဲနဲ့ ပါဝင်သူ ၂၆ ယောက်၊ စက်ဘီးနဲ့ ပါဝင်သူ ၂ယောက် စုစုပေါင်း ၂၈ ယောက် ပါဝင်ပြီး လမ်းခရီးမှာ ချောင်းဦး၊ မြင်းမူ၊ အုန်းတော၊ စစ်ကိုင်း စတဲ့ မြို့တွေမှာလည်း ၁ ညစီ နားမှာဖြစ်ပါတယ်။ သန်စွမ်းမှုစွမ်းရည်ပြပွဲကို မသန်စွမ်းတွေအများစုက ဆောင်းရာသီမှာ အလှုပ်အရှားနည်းလို့ အဖျားအနာထူကြတဲ့အတွက် ကျန်းမာကြံ့ခိုင်အောင်၊ အနယ်နယ် အရပ်ရပ်က မသန်စွမ်းတွေရဲ့ စိတ်ဓာတ်ခွန်အား မြင့်မားလာအောင် ရည်ရွယ်တယ်လို့ စွမ်းရည်ပြပွဲမှာ ပါဝင်တဲ့ ကိုအာယုက ပြောပါတယ်။ မသန်စွမ်းသူများရဲ့ သန်စွမ်းမှုစွမ်းရည်ပြပွဲ မြန်မာနိုင်ငံမှာ ကျင်းပလာတာ ၇ ကြိမ်မြောက်ရှိပြီဖြစ်ပြီး စစ်ကိုင်းတိုင်းအတွက်တော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီပွဲကို ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)က ဦးဆောင်တာဖြစ်ပြီး   ဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး နယ်လုံဝန်ကြီးနဲ့ လူမှုရေးဝန်ကြီးတို့ တက်ရောက်ခဲ့ပါတယ်။ သတင်း - အောင်ကိုလတ်
6 years Ago
Up