မလှုပ်ရှားနိုင်သည့်

January 25, 2018

မလှုပ်ရှားနိုင်သည့် ကမ္ဘာ့အဝဆုံးကလေးငယ် ကိုယ်အလေးချိန်ကျပြီး ပြန်ကစားနိုင်

အသက် ၁၀ နှစ်အရွယ်မှာ ကိုယ်အလေးချိန် ၃၀ စတုံ (၄၂၀ ပေါင်) ရှိတဲ့ ကမ္ဘာ့အဝဆုံး ကလေးငယ်လေးဟာ ကိုယ်အလေးချိန် အများကြီးကျသွားလို့ သူငယ်ချင်းတွေနဲ့ ကစားနိုင်ပြီလို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အာယာပါမနာဆိုတဲ့ ကလေးဟာ အဝလွန်ပြီး လမ်းမလျှောက်နိုင်၊ မထိုင်နိုင်၊ မကစားနိုင်၊ အိပ်ယာပေါ်က မရွေ့နိုင်ဖြစ်ပြီးနောက် အခုအချိန်မှာတော့ ကိုယ်အလေးချိန် ၁၂ စတုံ ကျသွားပြီး ကြက်တောင်ရိုက်နိုင်နေပါပြီ။ အာယာဟာ အရမ်းဝလွန်းတဲ့အတွက် သူနဲ့တော်တဲ့အဝတ်အစား မရှိလို့ လုံချည်ဝတ်ပြီး နေခဲ့ရသလို လမ်းလျှောက်မသွားနိုင်လို့ ကျောင်းလည်း မတက်ခဲ့ရပါဘူး။ ဒါကြောင့်လည်း သူဟာ အိမ်ထဲက ခုံပေါ်မှာပဲ တနေကုန်ထိုင်ပြီး မိုဘိုင်းဖုန်းနဲ့ ကစားခဲ့ရပါတယ်။ သူ့ရဲ့မိဘတွေလည်း အစိုးရိမ်လွန်ပြီး ကလေး ကိုယ်အလေးချိန်ကျအောင် အစားအသောက်တွေကို စည်းကမ်းတကျ ကျွေးခဲ့သလို အဟာရပညာရှင်ရဲ့ အကြံပြုချက်နဲ့ လတ်ဆတ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ စားပြီးနောက် ကိုယ်အလေးချိန် ၁၉ စတုံပဲ ရှိတော့တဲ့အတွက် ကျောင်းကို လမ်းလျှောက်သွားနိုင်သလို သူငယ်ချင်းတွေနဲ့လည်း ဘောလုံးကစား၊ ကြက်တောင်ရိုက်ပြီး တနေ့ ၂ ကီလိုမီတာ ပြေးနိုင်နေပြီလို့ သိရပါတယ်။ သူ့ရဲ့ မိဘ ၂ ပါးကလည်း အာယာ အခုလို ပုံမှန်ဘဝမျိုးနေနိုင်ကာ ကျန်းမာတက်ကြွနေတာကို ဝမ်းသာနေကြပြီး အသက်ရှူလမ်းကြောင်း ပြဿနာလည်း မဖြစ်တော့တဲ့အတွက် ကစားချိန်နဲ့ လမ်းလျှောက်ချိန်မှာ အသက်ရှူကျပ်တာ မရှိတော့ဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အာယာကို ခွဲစိတ်မှုတွေလုပ်ခဲ့ပြီးနောက် ၃ ပတ်အတွင်း ကိုယ်အလေးချိန် ၃ စတုံ ကျသွားခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဇန်နဝါရီ ၂၄ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up