နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကိုစွဲဆိုထားတဲ့ ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု၊ ရာဇသတ်ကြီးပုဒ်မ ၁၃၀-က အမှုကို ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။
ဒီအမှုမှာ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦအောင်မျိုးမင်းက တရားလိုအဖြစ်ဆောင်ရွက်ခဲ့ပြီး ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးဖို့ တရားရုံးက မှုခင်းစီမံခန့်ခွဲဆုံးဖြတ်ခဲ့ပါတယ်။
တရားလိုဘက်ကို ရက်ပေါင်း ၉၀ ၊ တရားပြိုင်ဘက်ကိုရက်ပေါင်း ၉၀ စုစုပေါင်းရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ်စစ်ဆေးမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးဒုတိယအပိုင်းကို ဆက်လက် ဆောင်ရွက်မှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ တရားလိုကို စတင်ကြားနာမှာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့အမှုတွေထဲက ၃ မှုအတွက် ထောင်ဒဏ်လေးနှစ်ကို နေပြည်တော် အထူးတရားရုံးက ဇန်နဝါရီ ၁၀ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီဇင်ဘာ ၆ ရက်နေ့တုန်းက အမှု ၂ ခုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရတဲ့အတွက် စုစုပေါင်း အမှု ၅ ခုအတွက် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၂ မှုအတွက် ဇန်နဝါရီ ၁၉ ရက် ဒီနေ့ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီရုံးချိန်းမှာတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုလို့ ခေါ်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ (စ) အမှု ၂ မှု အတွက် စစ်ကောင်စီရဲ့ တရားလိုပြသက်သေကို စစ်ဆေးခဲ့တာပါ။
စစ်ကောင်စီရဲ့ တရားလိုပြသက်သေအဖြစ် မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က လာရောက် ထွက်ဆိုခဲ့ပါတယ်။
စစ်ကောင်စီက စွဲဆိုထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုကိုတော့ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က စစ်ကောင်စီရဲ့ တရားလိုအဖြစ် ဆောင်ရွက်နေတာပါ။
လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၃ မှု အပါအဝင် အဂတိလိုက်စားမှု အမှု ၉ မှု၊ စုစုပေါင်း အမှု ၁၂ မှုနဲ့ တရားရင်ဆိုင်နေရတာပါ။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်မှာ နိုင်ငံဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ ပုဒ်မ ၅၀၅(ခ) နဲံ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။