မလေးရှားကုမ္ပဏီ

March 29, 2020

ဆေးပစ္စည်းများ ဝယ်လိုအားမြင့်တက်လာ၍ ကုန်ကြမ်းပြတ်လပ်နိုင်ဟု မလေးရှားကုမ္ပဏီပြော

အမေရိကန်နဲ့ ဥရောပတလွှားမှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်လိုအားတွေ မြင့်လာတာမို့ ကုန်ကြမ်းပြတ်လပ်လာနိုင်တယ်လို့ ကမ္ဘာ့အကြီးဆုံး လက်အိတ်ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ မလေးရှားရဲ့ Top Glove Corporation က မတ် ၂၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။  ကုမ္မဏီဟာ ဝယ်လိုအားမြင့်တက်မှုကို လိုက်မီနိုင်ဖို့အတွက် သင်္ဘောတင်ပို့မှုအကြိမ် အရေ အတွက်ကို တိုးမြှင့်နေတယ်လို့ အမှုဆောင်ဥက္ကဋ လင်မ်ဝီချိုင်က ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ကမ္ဘာမှာသုံးနေတဲ့ ဆေးဘက်ဆိုင်ရာနဲ့ အခြားလက်အိတ်တွေရဲ့ ဈေးကွက်ဝေစုပမာဏ ၅ ပုံတပုံကို ထုတ်ပေးနေတဲ့ Top Glove ကုမ္ပဏီဟာ လက်ရှိမှာ တရက်ကို ရာဘာလက်အိတ်ပေါင်း သန်း ၂၀၀ ထုတ်လုပ်နိုင်ပါတယ်။  လင်မ်ဝီချိုင်က အခုအခါမှာ ဗိုင်းရပ်စ်ပြန့်ပွားမှု နိုင်ငံတိုင်းနီးပါးဖြစ်နေတာမို့ ယခင်က တလကွန်တိန်နာဆယ်လုံး မှာယူတဲ့ နိုင်ငံအဖွဲ့အစည်းတွေဟာ အခု နှစ်ဆတိုးမှာယူနေတယ်လို့ ရှင်းပြပါတယ်။  သူတို့ကုမ္ပဏီဟာ ထုတ်လုပ်မှု တိုးဖို့ပြင်ဆင်ထားပေမဲ့ ၂၀ ရာခိုင်နှုန်းသာ ကုန်ထုတ်လုပ်မှုတိုးနိုင်ချိန်မှာ လိုအပ်ချက်က ပိုများနေတာမို့ ကြား ထဲမှာ ကုန်ပစ္စည်းပြတ်လပ်မှု ၅၀ ကနေ ၈၀ ရာခိုင်နှုန်းထိ ရှိနေဦးမယ်လို့လည်း လင်မ်ဝီချိုင်က ပြောပါတယ်။  မလေးရှားဟာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေးအတွက် လာမယ့် ဧပြီ ၁၄ ရက်နေ့အထိ နိုင်ငံကို အသွားအလာ တားမြစ်ပိတ်ဆို့မှု lockdown လုပ်ထားတယ်လို့ သိရပါတယ်။
1 year Ago
Up