မလိုက်နာ

A d v e r t i s e m e n t With Us

January 24, 2021

ကိုဗစ်ကာကွယ်ရေးနည်းလမ်းများ မလိုက်နာပါက ရောဂါကူးစက်နှုန်း ပြန်မြင့်လာမည်

လက်ရှိမှာ ကိုဗစ်လူနာတွေ့နှုန်း လျော့လာနေပေမယ့် ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေကို မလိုက်နာရင် ရောဂါကူးစက်ဖြစ်ပွားတဲ့နှုန်း ပြန်မြင့်လာမယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံတွင် အခုလက်ရှိအချိန်အထိ တွေ့ရတဲ့ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ ၁၃၇,၀၉၈ ယောက်ထဲမှာ ၆၃ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာ တစုံတရာမရှိဘဲ ပြင်ပအမြင်မှာ လူကောင်းပကတိသဖွယ် ဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီလို ရောဂါလက္ခဏာတခုမှမရှိဘဲ ရောဂါရှိနေသူတွေဟာ ရောဂါပိုး သယ်ဆောင်နေသူတွေဖြစ်ပြီး တခြားသူတွေဆီကို ရောဂါကူးစက်စေနိုင်တယ်ဆိုတဲ့ အချက်ကို ပြည်သူတွေအနေနဲ့ အထူး (အထူး) သတိပြုကြပြီး ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းတွေကို တိတိကျကျ လိုက်နာကြဖို့ အရေးကြီးတယ်လို့လည်း ထုတ်ပြန် သတိပေးထားပါတယ်။ အပြင်ထွက်တိုင်း ပါးစပ်နဲ့နှာခေါင်းစည်းတပ်ကြဖို့၊ လူစုလူဝေးရှောင်ပြီး ခပ်ခွာခွာနေကြဖို့၊ တခုခုကိုင်ပြီးတိုင်း မျက်နှာကို မကိုင်တွယ်ခင် ဆပ်ပြာနဲ့ လက်ဆေးကြဖို့ စတာတွေကို ကျန်းမာရေးဌာနက အမြဲ တိုက်တွန်းနေတာပါ။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၉ ရက်အတွင်း ပိုးတွေ့သူ အရေအတွက်ဟာ လူ ၁၀၀ စစ်ဆေးရင် ၃ ယောက်ရဲ့ အောက်ကို ရောက်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ် ပိုးတွေ့အတည်ပြုလူနာတွေထဲက နေ့စဉ်သေဆုံးသူအရေအတွက်ကတော့ သိသိသာသာ ကျမလာသေးဘဲ နေ့စဉ်ဆိုသလို ကိုဗစ်လူနာ သေဆုံးသူတွေထဲမှာ တခြားရောဂါအခံမရှိသူ ၃ ပုံ ၁ ပုံလောက် ပါဝင်နေပါတယ်။
4 days Ago

November 22, 2020

မွန်တွင် ပြည်သူများ ကိုဗစ်စည်းကမ်းမလိုက်နာပါက ထိန်းမနိုင်အခြေအနေရောက်နိုင်ဟု သတိပေး

မွန်ပြည်နယ်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိမှု ဆက်တိုက်မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ စည်းကမ်းမလိုက်နာပါက ထိန်းမနိုင်တဲ့ အခြေအနေအထိ ရောက်သွားနိုင်တယ်လို့  ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။။  မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၁၁၁၈ ဦးအထိ ရှိလာခဲ့ပါတယ်။ ရောဂါပိုးတွေ့ရှိမှုအရ သထုံမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်ဟာ နိုဝင်ဘာ ဒုတိယအပတ်ကစပြီး ရောဂါပိုး တွေ့ရှိမှု ဆက်တိုက်မြင့်တက်ခဲ့တာပါ။ အခုလို အခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းမလိုက်နာရင် ထိန်းမနိုင်တဲ့ အခြေအနေအထိ ရောက်သွားနိုင်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။ ကိုဗစ်ရောဂါပိုး တွေ့ရှိမှုအရ သထုံမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၃၀၀ ကျော်ထိ တွေ့ရှိထားတာပါ။ ရောဂါပိုး ဆက်တိုက်တွေ့ရှိနေမှုကို ပြည်သူတွေအနေနဲ့ စိုးရိမ်တာပဲရှိပြီး စည်းကမ်းလိုက်နာမှု မရှိဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ရောဂါပိုး တွေ့ရှိမှုအရ သထုံမြို့နယ် တခုတည်းမှာပင် ကိုဗစ်အတည်ပြုလူနာ ၂၀၀ နီးပါး ရှိလာခဲ့တာပါ။ လက်ရှိမှာတော့ သထုံမြို့နယ်က ကွာရန်တင်း စင်တာတွေမှာ စောင့်ကြည့်လူနာတွေ ပြည့်နေပြီလို့ သထုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။ အခုလို အခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ လိုအပ်နေတာပါ။  မွန်ပြည်နယ်မှာတော့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၁၁၁၈ ဦးထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ ၁၀ ဦးသေဆုံးထားပါတယ်။  ဇော်လွင်ထွဋ်
2 months Ago
More News
Up