မလိခမြစ်

October 18, 2020

မချမ်းဘောမြို့နယ် မလိခမြစ်တွင် လေယာဉ်ပျက် ၁ စီး တွေ့ရှိ

ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ် မန်နိုကျေးရွာအနီး မလိခ‌မြစ်မှာ လေယာဉ်ပျက် ၁ စီး တွေ့ရှိခဲ့ပြီး တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေယာဉ်ပျံအဟောင်းကို မန်နိုရွာက ဒေသခံလူငယ်‌တွေ အောက်တိုဘာလဆန်းပိုင်းက ငါးပစ်ရင်း တွေ့ရှိခဲ့တာဖြစ်ပြီး ရွာခံတွေက အဲဒီနေရာကို အမှတ်အသားလုပ်ထားတယ်လို့ လေယာဉ်ပျက်ရှိတဲ့နေရာကို သွားရောက်ကြည့်ရှုခဲ့သူ ဦးရင်ထန်ဆင်‌ဗေးက ပြောပါတယ်။  "လေ‌ယာဉ်ပျက် ရှိတဲ့နေရာကို မချမ်းဘော့မြို့က‌နေ ၁၀ မိုင်လောက် သွားရတယ်။ ပြီးတော့ လေယာဉ်ပျက်ရှိတဲ့နေရာကို စက်လှေ‌တွေငှားပြီးသွားရတယ်။ တွေ့ရှိခဲ့တဲ့ ရွာခံတွေအနေနဲ့လည်း တာ၀န်ရှိတဲ့သူတွေကိုလည်း အကြောင်းကြားထားပြီး ဖြစ်တယ်။”  အခုတွေ့ရှိတဲ့ လေယာဉ်ပျက်ဟာ ဘယ်နိုင်ငံကဖြစ်တယ်ဆိုတာ မသိရသေးဘဲ တချို့ဒေသခံတွေက ရေငုပ်ပြီး အပေါ်ယံမှာ အမှတ်အသား ရှာဖွေပေမဲ့ မတွေ့ရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လေယာဉ်ပျက်ဟာ ခန့်မှန်းခြေ ကိုယ်ထည်အရှည် ပေ ၇၀ လောက်ရှိပြီး ၃ ပေအကျယ် တွေ့မြင်ရတယ်လို့ သွားရောက်ကြည့်ရှုခဲ့သူက ဆိုပါတယ်။ ဒေသခံလူကြီးတွေရဲ့ ပြောပြချက်တွေအရ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ပူတာအိုလွင်ပြင်အတွင်းမှာ လေယာဉ်ပျက်ကျမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ သတင်း - ဖေနောင်းအောင်(ပူတာအို)၊ ဓာတ်ပုံ - ဦးရင်ထန်ဆင်ဗေး
1 year Ago
Up