မရိန်းတပ်ဖွဲ့

August 18, 2018

မက်သာအဖက်တမ်ငး တန် ၅၀ ကို မက္ကဆီကို မရိန်းတပ်ဖွဲ့ ဖျက်ဆီး

မက္ကဆီကိုနိုင်ငံ စီနာလိုအာပြည်နယ်ရှိ တောင်တန်းတွေမှာ လျှို့ဝှက်ပြုလုပ်ထားတဲ့ မြေအောက်ခန်းတွေကနေ မက်သာအဖက်တမင်း တန် ၅ဝ ကို တွေ့ရှိ ဖျက်ဆီးပစ်ခဲ့တယ်လို့ မက္ကဆီကန် မရိန်းတပ်ဖွဲ့ဝင်တွေက သြဂုတ်လ ၁၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အာကွန်ယွန်ကီ ဒေသမှာ မူးယစ်ဆေးတန်ချီ ထုတ်လုပ်နေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းပေးချက်အရ မရိန်းတပ်ဖွဲ့ဝင်တွေဟာ အဲဒီ မူးယစ်ဆေး စမ်းသပ်ခန်းကို တွေ့ရှိခဲ့ တာဖြစ်ပါတယ်။ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းစည်တွေနဲ့အတူ မြေအောက်နေရာ နှစ်ခုမှာ ဖွက်ထားတဲ့ မက်သာဖက်တမင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။ အဲဒီ မက်သာအဖက်တမင်းတွေကို တခြားနေရာ ရွှေ့ပြောင်းသယ်ဆောင်ရာမှာ အခက်အခဲရှိတာမို့ တွေ့ရှိရာနေရာမှာပဲ မီးရှို့ ဖျက်ဆီးပစ်ခဲ့တယ်လို့ ရေတပ်ဝန်ကြိးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
3 years Ago

July 17, 2015

တန်နက်ဆီပြည်နယ် ပစ်ခတ်မှု မရိန်းတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီပြည်နယ်မှာ ဇူလိုင် ၁၆ ရက်နေ့က အကြမ်းဖက် ပစ်ခတ်မှုအတွင်း သေနတ်သမားနဲ့ အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမားဟာ မူဟမ်မက်ဒ် ယူဆွတ်ဖ် အက်ဒူလာဇိ (Muhammad Youssef Abdulazeez) ဆိုသူဖြစ်ပြီး နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုတော့ မရှိဘူးလို့ အက်ဖ်ဘီအိုင်က ပြောပါတယ်။ ပစ်သတ်ခံရတဲ့ မရိန်းတပ်ဖွဲ့ဝင် ၄ ဦးလုံးဟာ ချပ်တနူးဂါ (Chattanooga) မြို့ ရေတပ်အရန်တပ်ရင်းကဖြစ်ပြီး ဒီပစ်ခတ်မှုကို ပြည်တွင်းအကြမ်းဖက် တိုက်ခိုက်မှုအဖြစ် သတ်မှတ်တယ်လို့ တန်နက်ဆီပြည်နယ် အရှေ့ပိုင်းခရိုင် အစိုးရရှေ့နေက ပြောပါတယ်။ သေနတ်သမားဟာ နှစ်နေရာမှာ သွားရောက်ပစ်ခတ်တာဖြစ်ပြီး ၂ နေရာလုံးကလည်း အမေရိကန်စစ်တပ်နဲ့ ပတ်သက်တဲ့ နေရာတွေပဲ ဖြစ်တယ်လို့ အက်ဖ်ဘီအိုင် အထူးထောက်လှမ်းရေး အရာရှိတဦးက ပြောပါတယ်။ သေနတ်သမားဟာ အမိုးဖွင့် မတ်စ်တန် (Mustang) ကားနဲ့ ဈေးဝယ်ကုန်တိုက်တခုမှာ ဖွင့်လှစ်ထားတဲ့ စစ်သားစုဆောင်းရေးဌာနကို ပထမ သွားရောက်ပစ်ခတ်ခဲ့တာပါ။ အဲ့ဒီမှာ ဘယ်သူမှ ထိခိုက်မှုမရှိခဲ့ပါဘူး။ အဲဒီနောက် သေနတ်သမားဟာ ရေတပ်အရန်တပ်ရင်းတခုကို သွားရောက်ပစ်ခတ်ရာမှာတော့ အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တာပါ။ ရဲတွေနဲ့ ရင်ဆိုင်ပစ်ခတ်တဲ့ အချိန်အတွင်း သေနတ်သမားဟာ မိမိကိုယ်ကိုပစ်ပြီး အဆုံးစီရင်လိုက်သလို ရဲတပ်ဖွဲ့ဝင်တဦးနဲ့ မရိန်းတပ်ဖွဲ့ဝင်တဦး အပါအ၀င် လူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ အနီးပတ်ဝန်းကျင်က စီးပွားရေးလုပ်ငန်းတွေ၊ ကောလိပ်တခုနဲ့ တခြားဌာနတွေကို ပိတ်ခဲ့ရပါတယ်။ ချပ်တနူးဂါမြို့ဟာ လူဦးရေ ၁ သိန်း ၇ သောင်းကျော်ရှိပြီး တောင်ဘက်မှာတော့ ဂျော်ဂျီယာပြည်နယ်နဲ့ ကပ်လျက်ဖြစ်ပါတယ်။
6 years Ago
Up