၂၀၂၀ မယ်စကြဝဠာမြန်မာအလှမယ်ရွေးချယ်ပွဲရဲ့ နောက်ဆုံးအဆင့် Grand Final ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ကြမယ် ဆန်ခါတင်အလှမယ် ၁၆ ယောက် ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။
အဆိုပါ ပြိုင်ပွဲဝင် ၁၆ ယောက်ထဲမှာတော့ ရန်ကုန် (အရှေ့)၊ မန္တလေး၊ ထားဝယ်၊ ဘားအံ၊ ဗန်းမော်၊ ရန်ကုန်(တောင်)၊ မြဝတီ၊ ပုသိမ်၊ မြစ်ကြီးနား၊ ဟားခါး၊ ရေး၊ စစ်ကိုင်း၊ မော်လမြိုင်၊ မကွေး၊ မိုးကုတ်၊ ရန်ကုန်(မြောက်)စတဲ့ မြန်မာနိုင်ငံအနှံ့ မြို့နယ်တွေက ကိုယ်စားပြုအလှမယ်တွေ ပါဝင်ခဲ့တာပါ။
အခုနှစ်မှာတော့ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု အန္တရာယ်ကြောင့်မို့ မြန်မာကိုယ်စားပြု အလှမယ် သရဖူရွေးချယ်ပွဲကို အွန်လိုင်းလိုက်ဖ်ရှိုး အနေနဲ့ လာမယ့် ဒီဇင်ဘာ ၃၀ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
မနှစ်က ကျင်းပတဲ့ ၂၀၁၉ ခုနှစ် မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲမှာတော့ ဘားအံ ကိုယ်စားပြု အလှမယ် ဆွေဇင်ထက်က အလှမယ်သရဖူကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲမှာ အလှမယ်သရဖူကို မိုးစက်ဝိုင်က ရရှိခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ်မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်တို့က ရရှိခဲ့ကြတာဖြစ်ပြီး ဆွေဇင်ထက်ကတော့ ၇ ယောက်မြောက် မြန်မာနိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာအလှမယ် ဖြစ်လာခဲ့တာပါ။
ပြီးခဲ့တဲ့ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲ အမျိုးသားဝတ်စုံပြိုင်ပွဲမှာတော့ ၂၀၁၆ ခုနှစ်က မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက ရုပ်သေးမင်းသမီးနဲ့ ဆိုင်းဝိုင်းအပြင်အဆင်တင်ဆက်မှုနဲ့ ပထမဆုံးအကြိမ် ဆုရရှိခဲ့ဖူးပါတယ်။
4 months Ago