မယ်အမေရိက

September 13, 2017

၂၀၁၈ မယ်အမေရိကအဖြစ် မြောက်ဒါကိုတာမယ် ကယ်ရာမွန်း ရွေးချယ်ခံရ

အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာ ၁၀ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ၂၀၁၈ မယ်အမေရိက ရွေးချယ်ပွဲမှာ မြောက်ဒါကိုတာမယ် ကယ်ရာမွန်းက ရရှိသွားခဲ့ပါတယ်။ ၂၀၁၈ မယ်အမေရိက ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ် ၅၀ နဲ့ ကိုလံဘီယာခရိုင်ကို ကိုယ်စားပြု ယှဉ်ပြိုင်ကြတာပါ။ အသက် ၂၃ နှစ်အရွယ် ကယ်ရာမွန်းဟာ အကစွမ်းရည်နဲ့ ဉာဏ်စမ်းမေးခွန်း အဖြေတွေကြောင့် ဒိုင်တွေက သဘောကျပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ မယ်အမေရိက  ၂၀၁၈ ရွေးချယ်ပွဲ ဒိုင်တဦးက “ပါရီရာသီဥတုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိတယ်။ ရည်ရွယ်ချက်က လူဖန်တီးတဲ့ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုကို လျှော့ချဖို့ပဲ။ အမေရိကန်ပြည်ထောင်စုက စီးပွားရေးအတွက်နဲ့ အဲဒီသဘောတူညီချက်ကနေ နုတ်ထွက်တော့မှာဖြစ်တယ်။ အဲဒီဆုံးဖြတ်ချက်ဟာ မှန်တယ်၊ မှားတယ်၊ ဘာဖြစ်မလဲ၊ ဘာကြောင့်လဲ” လို့ ကယ်ရာမွန်းကို မေးခဲ့တာပါ။ ကယ်ရာမွန်းက “ဆုံးဖြတ်ချက်မှားပါတယ်။ ကျမတို့က ညှိနှိုင်းရေးစကားဝိုင်းကနေ နုတ်ထွက်သွားတာပါ။ ရာသီဥတု ပြောင်းလဲမှု ဖြစ်နေတာက အမှန်ပဲလေ။ ယုံယုံမယုံယုံ အဲဒီ ဆွေးနွေးရေးစကားဝိုင်းကို ပြန်သွားဖို့လိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆုံးဖြတ်ချက်မှားပါတယ်။ ကျေးဇူးတင်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။ ကယ်ရာမွန်းဟာ မြောက်ဒါကိုတာပြည်နယ် ဘစ်မာ့ခ်မြို့သူတဦးဖြစ်ပြီး ဘရောင်းတက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ကာ အခုအခါ ရှေ့နေသင်တန်းတက်ရောက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အခုလို မယ်အမေရိကဆု ရရှိခဲ့တဲ့အတွက် ကယ်ရာမွန်းအနေနဲ့ တနှစ်တာ ကုန်ကျစရိတ်အတွက် လစာ ဒေါ်လာသိန်းချီ ရရှိမှာဖြစ်ပြီး ပညာသင်ဆု ဒေါ်လာ ၅ သောင်း ရရှိမှာ ဖြစ်ပါတယ်။
4 years Ago
Up