မယ်ဆိုင်ဂူ

December 14, 2018

တောဝက်လူငယ်များအား ကယ်ရင်း သေဆုံးခဲ့သည့် ထိုင်းရေငုပ်သမားရုပ်တု သယ်ဆောင်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ဒွိုင်နန်းနွန်းကျောက်လိုဏ်ဂူထဲမှာ လွန်ခဲ့တဲ့ ဇွန်လကုန်ပိုင်းက ပိတ်မိခဲ့တဲ့ တောဝက်အကယ်ဒမီ လူငယ်ဘောလုံးအသင်းဝင် ၁၃ ယောက်ကို ကယ်ရင်း သေဆုံးသွားတဲ့ ထိုင်းတော်ဝင်ရေတပ်ဖွဲ့ဝင်ဟောင်း တပ်ကြပ်ကြီး ဆနမ်ကူနန် ခေါ် ကြာဆဲမ်းရဲ့ ရုပ်တုထုတာ ပြီးသွားတဲ့အတွက် ဒီဇင်ဘာ ၁၂ ရက်နေ့က ဂူကြီးဆီ သယ်ဆောင်လာခဲ့ကြပါတယ်။ သူ့ရဲ့ရုပ်တုကို ချင်းရိုင်းမြို့ ဝပ်လောင့်ခွန် (ငွေကျောင်းတိုက်) ကနေ မယ်ဆိုင်မြို့ ပုန်ဖာအုပ်စုရှိ ဒွိုင်နန်းနွန်းလိုဏ်ဂူကြီးဆီကို ချင်းရိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရုပ်တုပုံစံ ဖော်ထုတ်သူနဲ့ အဓိကအလှူရှင် ထိုင်းအမျိုးသား အနုပညာရှင်ဆုရ ဆရာချလိုမ်ချိုင်း ခိုဆစ်ဖိဖတ်၊ အယုဒ္ဓယခရိုင်ရှိ Asia Fine Art ပန်းပုလုပ်ငန်းရှင်တို့ ဦးဆောင်ပြီး ကြာဆဲမ်းရဲ့ ဇနီးသည် နန်းလီဖွန်း ကူနန်၊ ဂူတွင်းပိတ် တောဝက်ဘောလုံးသင်းလူငယ်တွေနဲ့ မိဘအုပ်ထိန်းသူတွေ၊ ကျောင်းသူကျောင်းသားတွေက အခမ်းအနားနဲ့ စီတန်းလှည့်လည်ပြီး သယ်ဆောင်လာခဲ့ကြပါတယ်။ ရုပ်တုသယ်ဆောင်ရာ လမ်းတလျှောက်မှာ ထောင်နဲ့ချီတဲ့ပြည်သူတွေ လမ်းဘေးကနေ စောင့်ကြည့်အားပေးခဲ့ပြီး မယ်ဆိုင်ရောက်တော့လည်း မယ်ဆိုင်အုပ်ချုပ်ရေးမှူးနဲ့တကွ မယ်ဆိုင်ပြည်သူတွေ၊ မြန်မာဘက်ခြမ်း တာချီလိတ်ဘက်က ပြည်သူတွေပါ စုစုပေါင်း ထောင်နဲ့ချီ ကြိုဆိုခဲ့ကြပါတယ်။ အဲဒီရုပ်တုဟာ အမြင့် ၃ ဒသမ ၂၀ မီတာ၊ အောက်ခြေအကျယ် ၂ ဒသမ ၅၀ မီတာရှိပြီး သံသတ္တုနဲ့ ထုလုပ်ထားပါတယ်။ ကြာဆဲမ်းရဲ့ ခြေရင်းမှာ တောဝက် ၁၃ ကောင်ကိုပါ ထုဆစ်ထားပြီး တောဝက်အကောင်တိုင်းမှာ ဂူတွင်းပိတ်လူငယ် ၁၃ ဦးရဲ့ အမည်ကိုယ်စီရှိတယ်လို့ ဆိုပါတယ်။ ရုပ်တု ထုဆစ်ချိန် ၅ လခန့်ကြာမြင့်ပြီး ချင်းရိုင်းက ငွေကျောင်းပုံဖော်ထုဆစ်သူ ထိုင်းအမျိုးသား အနုပညာရှင်ဆုရှင် ဆရာချလိုမ်ချိုင်း ခိုဆစ်ဖိဖတ်က ဉာဏ်အား၊ လူအားနဲ့  ငွေအားပါ အရင်းတည် ထုဆစ်ခဲ့ပါတယ်။ အဲဒီသံသတ္တုရုပ်တုဟာ ပုံမှန်အားဖြင့် ဒီဇိုင်နာကြေး၊ ကုန်ကြမ်းပစ္စည်းနဲ့ လက်ခတွေ အားလုံး ဘတ် ၄ သန်းခွဲ ကုန်ကျမှာဖြစ်ပေမယ့် ဒီရုပ်တုဖြစ်မြောက်ရေးအတွက် ချင်းရိုင်း အနုပညာရှင်များအသင်းက အလှူငွေတွေ စုပေါင်းထည့်ဝင်ကြသလို Asia Fine Art ပန်းပုထုလုပ်ငန်းကလည်း အခကြေးငွေမယူဘဲ စေတနာနဲ့ ထုလုပ်ခဲ့တာကြောင့် အားလုံးရဲ့ စေတနာမေတ္တာတွေ ပါဝင်တဲ့ ဒီရုပ်တုဟာ တန်ဖိုးဖြတ်လို့ မရကြောင်း ဆရာချလိုမ်ချိုင်းက ပြောပါတယ်။ တပ်ကြပ်ကြီး ကြာဆဲမ်းဟာ မကွယ်လွန်မီက ဘန်ကောက် သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်မှာ လုံခြုံရေးအဖြစ် တာဝန်ယူနေပြီး တောဝက်လူငယ်တွေ ဂူတွင်းပိတ်တဲ့သတင်း ကြားသိရတာနဲ့ သူလည်း ထိုင်းတော်ဝင်ရေတပ်ထွက် ရေငုပ်သမားတဦး ဖြစ်တာကြောင့် လူငယ်တွေကို ကူညီကယ်ဆယ်တဲ့အဖွဲ့ထဲ သူ့ဆန္ဒနဲ့သူ လိုက်ပါခဲ့တာပါ။ သူဟာ ချင်းရိုင်းကိုသွားဖို့ လေယာဉ်ပေါ်မတက်ခင် ဂူတွင်းပိတ်လူငယ်တွေကို သွားကယ်မယ့်အကြောင်း၊ တောဝက်ညီငယ်လေးတွေကို အိမ်ကိုပါအောင် ပြန်ခေါ်ခဲ့မယ့် အကြောင်း ဖေ့စ်ဘွတ်ခ်လိုက်ဖ် လွှင့်ခဲ့ပါတယ်။ လူငယ်ကယ်ဆယ်ရေးလုပ်ငန်းမှာ သူဟာ အောက်စီဂျင်ဘူးတွေကို ရေငုပ်ပြီး ဂူထဲသွားရောက် ချထားတဲ့တာဝန် ယူခဲ့ပါတယ်။ ဒါပေမယ့် သူအသက်ရှူနေတဲ့ ဘူးက အောက်စီဂျင်ပြတ်သွားပြီး ဂူထဲမှာပဲ အသက်ရှူရပ် သေဆုံးသွားခဲ့တာပါ။ ကလေးငယ် ၁၃ ဦးရဲ့အသက်ကို ကယ်တင်ရင်း ဆုံးပါးခဲ့ရတဲ့ ကြာဆဲမ်းကို နိုင်ငံတော်က ခမ်းနားထိုက်တန်တဲ့ ဈာပန အခမ်းအနား ကျင်းပပေးခဲ့ပြီး တပ်ကြပ်ကြီးအဆင့်ကနေ ဗိုလ်အဆင့်ကို ရာထူးတိုးမြှင့်ပေးလိုက်သလို လိုဏ်ဂူကြီးရဲ့ သူရဲကောင်းတံဆိပ်လည်း ချီးမြှင့်ခဲ့ပါတယ်။
3 years Ago

July 31, 2018

မယ်ဆိုင်ဂူရှိရာ ဒွိုင်နန်းနွန်းတောင်ကျရေကြောင့် အိမ်ခြေ ၅၀၀ ကျော် ရေလွှမ်း

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ အခုရက်ပိုင်းအတွင်း မိုးတွေ ဆက်တိုက်ရွာနေတာကြောင့် တောဝက် အကယ်ဒမီဘောလုံးအသင်းက လူငယ်တွေ ဝင်ရောက်ပိတ်မိခဲ့တဲ့ လိုဏ်ဂူကြီးတည်ရှိရာ ဒွိုင်နန်းနွန်းတောင်ကျရေတွေဟာ အနီးနားရှိ ကျေးရွာထဲ ဝင်ရောက်သွားပြီး နေအိမ် ၅၀၀ ကျော် ရေလွှမ်းသွားတယ်လို့ ချန်နယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ဒွိုင်နန်းနွန်းတောင်ခြေတလျှောက်က ပုန်ဖာနဲ့ ပုန်ငမ်း ကျေးရွာအုပ်စု ၂ ခုထဲမှာ ဇူလိုင် ၃၀ ရက်နေ့ကတည်းက ရေတွေကြီးနေတာဖြစ်ပြီး ရေစီးလည်း အလွန်သန်တဲ့အတွက် ရေထဲပိတ်မိတဲ့သူတွေ ရှိနေတယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေသလို အရေးကြီးပစ္စည်းတွေလည်း ကူညီသယ်ထုတ်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက သတင်းထောက်ကို ပြောပါတယ်။ ဒွိုင်နန်းနွန်းတောင်ပေါ်က ရေတွေဟာ မယ်ဆိုင်မြို့နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကို အဓိက ဆက်သွယ်ထားတဲ့ ဖဟွန်ယိုးထင်း အဝေးပြေးလမ်းမပေါ်လည်း ဝင်ရောက်လာလို့ လမ်းအရှည် ၂ ကီလိုမီတာထိ ရေလွှမ်းသွားကြောင်း၊ အဲဒီရေတွေဟာ ထမ့်ပါ စစ်ဆေးရေးဂိတ်ထဲလည်း ဝင်ရောက်လာလို့ ဂိတ်ကိုလည်း ပိတ်ထားရသလို တချို့နေရာမှာ ၈၀ စင်တီမီတာထိ မြင့်တက်နေတဲ့အတွက် ကားသွားလို့မရဘဲ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့တယ်လို့  ဆိုပါတယ်။ ဒွိုင်နန်းနွန်းလိုဏ်ဂူကြီးမှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက တောဝက်ဘောလုံးအသင်း လူငယ် ၁၂ ဦး ရေထဲပိတ်မိနေခဲ့ပြီး နောက်ထပ် ရက်အနည်းငယ်အတွင်း မုတ်သုံမိုးတွေရွာကာ ရေတွေပိုကြီးလာတော့မှာမို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဂူထဲက ကလေးတွေကို ရေထဲကနေ ခက်ခဲစွာနဲ့ အလျင်အမြန် ကယ်ထုတ်ခဲ့ရပါတယ်။ လူငယ်တွေကယ်ထုတ်ဖို့ ရေစုပ်စက်ကြီးတွေနဲ့ ဂူထဲကရေတွေ အပြင်ကို စုပ်ထုတ်ခဲ့ရာမှာ လက်ရှိ ရေကြီးနေတဲ့ ပုန်ဖာနဲ့ ပုန်ငမ်း အပါအဝင် အနီးနား ကျေးရွာအုပ်စု ၄ အုပ်စုက လယ်ယာစိုက်ခင်းဧကပေါင်း ၁၀၀၀ ကျော် ရေလွှမ်းခြင်း ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ ဂူကြီးထဲ ဘယ်သူမှ ဝင်ခွင့်မပြုဘဲ လုံခြုံရေးတွေ ချထားပါတယ်။
3 years Ago
Up