တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်ခံ လူဦးရေဟာ ဖေဖော်ဝါရီ ၂ ရက် မနက် ၄ နာရီထိ စာရင်းအရ ကမ္ဘာတလွှားမှာ လူ ၁၄၆၀၂ ယောက်ကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၃၀၅ ယောက်ထိ မြင့်တက်သွားပါပြီ။
ကူးစက်မှုကြောင့် ကြောက်ရွံ့မှုတိုးနေချိန်မှာ လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်ဖို့နဲ့ ကနေဒါ နိုင်ငံသားအားလုံး ညီညွတ်ကြဖို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒူက ဖေဖော်ဝါရီ ၁ ရက်မှာ ဆော်သြခဲ့ပါတယ်။
အွန်တေရီအိုပြည်နယ် စကားဘော့ရော့မြို့က တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း မိန့်ခွန်းမှာ ထရူဒူက ခုလို ပြောခဲ့တာပါ။
“သတင်းမှားတွေ ဒါမှမဟုတ် အကြောက်တရားတွေကြောင့် ခွဲခြားဖိနှိပ်မှုတွေအတွက် ကျနော်တို့နိုင်ငံမှာ နေရာမရှိဘူး”လို့ ထရူဒူက ပြောပါတယ်။
ကနေဒါနိုင်ငံမှာ ကူးစက်ခံ ၄ ယောက်သာ ဖော်ထုတ်ထားပေမယ့် အာရှသားတွေကို ဆန့်ကျင်တဲ့ အကြောက်တရားက ရောဂါကူးစက်မှုထက် ပိုဆိုးရွားနေခဲ့တာပါ။
ကနေဒါဟာ ၂၀၀၂-၂၀၀၃ ကူးစက်မြန် ပြင်းထန်အဆုတ်ရောင် ဆားစ်ရောဂါ ကူးစက်ချိန်က အာရှတိုက် ပြင်ပမှာ လူသေဆုံးမှုရှိတဲ့ တခုတည်းသော နိုင်ငံလည်း ဖြစ်ပါတယ်။
ခုတကြိမ်မှာတော့ ကနေဒါဟာ ပိုကောင်းကောင်းပြင်ဆင်ထားတယ်လို့ အစိုးရ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
ကနေဒါနိုင်ငံမှာ တောင်အာရှနဲ့ တရုတ်လူ့အဖွဲ့အစည်းဟာ အကြီးဆုံး တိုင်းရင်းသား မျိုးနွယ်အုပ်စုလည်း ဖြစ်ပါတယ်။
ကနေဒါ လူဦးရေ စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းနီးပါးရှိတဲ့ လူဦးရေ ၁ ဒသမ ၈ သန်းဟာ တရုတ်မျိုးနွယ်ဝင်တွေပါ။ တရုတ်နွယ်ဖွားတွေဟာ နှစ်သစ်ကူးချိန်မှာ ဘိုးဘေး ကန်တော့တာ၊ အိမ်သန့်ရှင်းရေးလုပ်တာ၊ ဗြောက်အိုးဖောက်တာနဲ့ အန်ပေါင်းလို့ ခေါ်တဲ့ မုန့်ဖိုးစာအိတ်တွေ ပေးဝေတာတွေ အစဉ်အလာအဖြစ် လုပ်လေ့ရှိပါတယ်။
1 year Ago