မပျော်

December 21, 2020

ဆာလက် လီဗာပူးတွင် မပျော်ဟု ကစားဖော်ဟောင်း ထုတ်ဖော်

တိုက်စစ်မှူး မိုဟာမက်ဆာလက်ဟာ လီဗာပူးအသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး အသင်းဘက်ကလည်း အီဂျစ်ကစားသမားကို ရောင်းဖို့ စဉ်းစားနေတယ်လို့ ဆာလက်ရဲ့ လက်ရွေးစင်အသင်းဖော်ဟောင်း မိုဟာမက် အဘူထရီကာက ပြောပါတယ်။ ဆာလက်အနေနဲ့ လီဗာပူးအသင်းမှာ တခြားသောအကြောင်းကိစ္စတွေလည်း ရှိနေနိုင်ပေမဲ့ မစ်ဂျယ်လန်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းခေါင်းဆောင် မဖြစ်ခဲ့ခြင်းက သူ့ကို စိတ်ပျက်  ဒေါသ ထွက်စေခဲ့တယ်လို့ အဘူထရီကာက ပြောပါတယ်။ “လီဗာပူးက သူ့အခြေအနေနဲ့ပတ်သက်လို့ ဖုန်းဆက်မေးခဲ့ပါတယ်။ သူစိတ်ပျက်နေပါတယ်။ ဒါပေမဲ့ ဒီကိစ္စက သူ့ရဲ့ကွင်းအတွင်း ခြေစွမ်းကိုတော့ ထိခိုက်မှာ မဟုတ်ပါဘူး။ သူဘာလို့မပျော်ရွှင်ရ လဲဆိုတာကိုလည်း ပြောပါတယ်။ ဒါပေမဲ့ ဒါဟာ လျို့ဝှက်ချက်ဖြစ်တာကြောင့် ကျနော် လူသိရှင် ကြားတော့ ပြောမှာ မဟုတ်ပါဘူး။ အဲ့ဒီထဲက တစ်ချက်က မစ်ဂျယ်လန်းနဲ့ပွဲမှာ သူ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခြင်း မခံခဲ့ရလို့ဖြစ်ပါတယ်” လို့ ဆာလက်ရဲ့ အသင်းဖော်ဟောင်း အဘူထရီကာက ပြောပါတယ်။  မစ်ဂျယ်လန်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ နည်းပြကလော့ပ်က အသင်းခေါင်းဆောင်အဖြစ် နောက်ခံလူ အာနိုးလ်ကို ရွေးချယ်ခဲ့ခြင်း ဒီဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိတယ်လို့ ဆာလက်က ထုတ်ပြောခဲ့ဖူးပါတယ်။  ဒီပွဲမှာ ဆာလက်ဟာ အသင်းရဲ့အတွေ့အကြုံ အရင့်ဆုံးကစားသမားအဖြစ် အသင်း ခေါင်းဆောင်ဖြစ်မယ်လို့ အားလုံးက ယူဆခဲ့ပေမဲ့ ကလော့ပ်က အသက် ၂၂ နှစ်အရွယ် အာနိုးလ်ကိုသာ ပေးခဲ့ပါတယ်။  ဒီကိစ္စတွေအပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း ဆာလက်ဟာ အရန်ခုံမှာ ထိုင်ခဲ့ရပြီး ဒါဟာ ကစားသမားကို အနားပေးဖို့အတွက်ပဲဖြစ်တယ်လို့ ကလော့ပ်က ပြောပါတယ်။  ဒါပေမဲ့ ဒီပွဲမှာလည်း ဆာလက်ဟာ အရန်ခုံက ထလာပြီး အသင်းအတွက် ၂ ဂိုးသွင်း ယူပေး နိုင်ခဲ့ပါတယ်။  ဆာလက်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ထံ သွားရောက်ကစားဖို့ မျှော်လင့်ချက်ရှိတယ်လို့ ပြောခဲ့ဖူးသူဖြစ်ပြီး ဒီ ၂ သင်းကလည်း သူ့ကို ခေါ်ယူဖို့ မကြာခဏ သတင်း ထွက်ပေါ်လာတတ်ပါတယ်။ ဒီအခြေအနေကြောင့် အဘူထရီကာက သူ့ရဲ့ကစားဖော်ဟောင်းဟာ တချိန်မှာ စပိန်အင်အားကြီး ၂ သင်းထဲက တစ်သင်းကို ရောက်ရှိနိုင်တယ်လို့ ယူဆထားပြီး ဒီအပြောင်းအရွှေ့မှာ လီဗာပူး သင်းကလည်း အကျိုး အမြတ်များစွာရရှိမယ်လို့ ယုံကြည်ထားပါတယ်။
1 year Ago
Up