မန်းဝင်းခိုင်သန်း

October 1, 2021

တရုတ်နှင့်ဆက်ဆံရေးတိုးမြှင့်မည်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော

အောက်တိုဘာ  ၁ ရက်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး ချစ်ကြည်ရေး တိုးမြှင့်အောင် ဆောင်ရွက်ရာမှာ တရုတ်နဲ့ မိတ်ဖက်ဖြစ်ဖို့ NUG အစိုးရက အဆင်သင့် ရှိနေတယ်လို့ ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက လက်မှတ်ရေးထိုးပေးပို့လိုက်တဲ့ ဂုဏ်ပြုသဝဏ်လွှာထဲမှာတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ၇၂ ကြိမ်မြောက် အမျိုးသားနေ့  အထိမ်းအမှတ်အနေနဲ့ တရုတ်ပြည်သူအားလုံး ကျန်းမာပျော်ရွှင်စေဖို့ အကောင်းဆုံး ဆုမွန် တောင်းပေးလိုက်ကြောင်း ဖော်ပြထားပါတယ်။

ဒီခေတ်သစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာကို လက်လှမ်းမီတဲ့ အားကောင်းတဲ့ နိုင်ငံ ဖြစ်လာပြီး ပြည်သူတွေရဲ့ ကြွယ်ဝမှု တဖြည်းဖြည်း တိုးလာတာကို မှတ်ကျောက်တင် ခံနိုင်လာတာကို မြင်ရတယ်လို့လည်း ဝန်ကြီးချုပ်က သဝဏ်လွှာထဲမှာ ပြောထားပါတယ်။ 

အိမ်နီးချင်းတွေအနေနဲ့ မြန်မာနဲ့ တရုတ်တို့ဟာ အားကောင်းပြီး ထူးခြားတဲ့ ဆက်ဆံရေးကို နှစ်ပေါင်းများစွာ တည်ထောင်ထားခဲ့ပြီး နှစ်နိုင်ငံလုံးက ပြည်သူတွေအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိတာ သေချာစေဖို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် နေပါတယ်။ လွတ်လပ်ရေးရအပြီး မြန်မာ့ပထမဆုံး ဝန်ကြီးချုပ် ဦးနုဟာ ၁၉၅၀ မှာ တရုတ်နဲ့ သံတမန် ဆက်ဆံရေး ချက်ချင်း စတင်တည်ထောင်ခဲ့ပြီး နိုင်ငံချင်း ချစ်ကြည်ရေး အုတ်မြစ်ကို တည်ဆောက်ဖို့ တရုတ်ခေါင်းဆောင် မော်စီတုံးရဲ့ ဖိတ်ခေါ်ချက်အရ တရုတ် နိုင်ငံတလွှား ခရီးဆန့်ခဲ့ပါတယ်။ 

မြန်မာအစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံကို သွားရောက် လည်ပတ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ပါတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောပါတယ်။ 

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ထောက်ပံ့ခဲ့တဲ့ အတွက်နဲ့ မြန်မာပြည်သူ အားလုံးအတွက် တရုတ်မြန်မာ ဆက်ဆံရေးကို လမ်းဖွင့်ပေးတဲ့ တရုတ်အစိုးရရဲ့ ကတိကဝတ်တွေ အတွက် NUG အစိုးရက ကျေးဇူးတင်ကြောင်း တရုတ်အမျိုးသားနေ့ အခါသမယမှာ ဖော်ပြလိုက်ပါတယ်။

ဒါ့အပြင် အနာဂတ်တွေကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်း အောင်မြင်ဖြစ်ထွန်းဖို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ အပြန်အလှန် ဆက်ဆံရေး အားဖြည့်ဖို့ ဆက်လက် ကတိပြုချင်ပါတယ်လို့  သဝဏ်လွှာထဲမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကတော့ ဧပြီ ၁၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ ကြားကာလ ညီညွတ်ရေးအစိုးရဖြစ်ကာ အစိုးရအဖွဲ့မှာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်တွေ၊ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေက ထင်ရှားသူတွေ ပါဝင်ပါတယ်။

မေလ ၅ ရက်နေ့မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ကာ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်း လှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန် တိုက်ဖျက်ကြဖို့ ကြေညာထားတာ ဖြစ်ပါတယ်။

2 months Ago

March 14, 2021

ပြည်သူအတွက် လုံခြုံရေးနှင့်ကာကွယ်ရေး အစီအမံများ အမြန်ဆုံးဆောင်ရွက်မည်ဟု ခေတ္တ ဒုတိယသမ္မတ ကတိပြု

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခေတ္တ ဒုတိယသမ္မတအဖြစ် မန်းဝင်းခိုင်သန်းကို မတ်လ ၉ ရက်နေ့က ခန့်အပ်တာဝန်ပေးအပ်လိုက်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူထားတဲ့အတွက် နိုင်ငံတော်သမ္မတက တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့ အခြေအနေမရှိတဲ့ ကာလမှာ  ခေတ္တ ဒုတိယသမ္မတအား နိုင်ငံတော်သမ္မတရဲ့ တာဝန်တွေကိုပါ  ထမ်းဆောင်ဖို့ တာဝန် အပ်နှင်းလိုက်တာပါ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ခေတ္တ ဒုတိယသမ္မတ မန်းဝင်းခိုင်သန်းက  မနေ့က နိုင်ငံတော်အခြေပြ မိန့်ခွန်းမှာ  ၂၀၀၈ ဖွဲ့စည်းပုံအခြေခခံဥပဒေ ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်လာရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ပေးအပ်ထားတဲ့ တာဝန်များကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကျေပွန်အောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အစီအမံများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြု ပြောကြားလိုက်ပါတယ်။

မိန့်ခွန်းအပြည့်အစုံဖတ်ရှုရန်

“လေးစားရပါသော သွေးချင်းညီအစ်ကို မောင်နှမ နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ခင်ဗျာ… ယနေ့အချိန်အခါဟာ ကျနော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွက် အလွန်အရေးကြီးပြီး နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူ နိုင်ငံသားများအားလုံးရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် လမ်းဆုံလမ်းခွကို ရောက်ရှိနေတဲ့အချိန်အခါ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျနော့်ကို နိုင်ငံတော်ရဲ့ ခေတ္တဒုတိယသမ္မတအဖြစ် ခန့်အပ်ပြီး အင်မတန် ကြီးလေးအရေးပါတဲ့ နိုင်ငံတော်သမ္မတရဲ့ တာဝန်တွေကိုပါ ယုံယုံကြည်ကြည်နဲ့ အပ်နှင်းလိုက်တဲ့အတွက် ပေးအပ်လိုက်တဲ့ တာဝန်တွေကို နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတို့အပေါ် သစ္စာစောင့်သိ ရိုသေပြီး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ထမ်းရွက်ပါမယ်လို့ ပထမဦးစွာ ကတိသစ္စာပြုလိုပါတယ်။ 

ပြည်သူများ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော် စတင်တက်ရောက်ကြမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျနော်တို့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို အာဏာလောဘရမ္မက်ကြီးသူ တစုက သိမ်းယူခဲ့ပါတယ်။ စစ်အာဏာရှင်တွေရဲ့ နိုင်ငံတော်အပေါ် တရားမဲ့အပြုအကျင့်တွေကို လက်သင့်မခံကြတဲ့ ကျနော်တို့ရဲ့ လူငယ် လူရွယ်တွေဟာ လမ်းမတွေထက်မှာ အာဏာရှင်ကို အန်တုနေကြပါတယ်။ ကြွေးကြော်သံကိုယ်စီ သံပြိုင်အော်ရင်း သူတို့ရဲ့အနာဂတ်ကို အမှောင်မချဖို့ တိုက်ပွဲဝင်တောင်းဆိုနေကြပါတယ်။ စာသင်ခန်းတွေထဲမှာ သိပ္ပံ ဝိဇ္ဇာ ဘာသာရပ်တွေကို ဆည်းပူးရင်း မိမိတို့ဝါသနာပါရာ ကဏ္ဍအသီးသီးမှာ ဈာန်ဝင်စားရင်း လူငယ်ဘဝကို ဖြတ်သန်းကြမယ့် လူငယ်လူရွယ်တွေဟာ သေနတ်ပြောင်းဝရှေ့ကို ရင်ကော့ ချီတက်ရင်း သူတို့ရဲ့အနာဂတ်အတွက် အနိုင်မခံ စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်နေကြပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေကြတဲ့ နိုင်ငံ့ဝန်ထမ်းများဟာလည်း ပြည်သူ့အာဏာဖီဆန်ရေးနည်းလမ်း (Civil Disobedience Movement) နဲ့ အာဏာရှင်ယန္တရား ရပ်တန့်ရအောင် တိုက်ပွဲဝင်နေကြပါတယ်။ 

ထိုနည်းတူပဲ ပြည်သူလူထုကြီးကလည်း လူမျိုး ဘာသာ အသက်အရွယ် အရပ်ဒေသနောက်ခံမရွေး ရှိသမျှအင်အားတွေကို အသုံးပြုပြီး အာဏာရှင်တွေ ကျဆုံးဖို့အတွက် ကျရာကဏ္ဍကနေ တိုက်ပွဲဝင်နေကြပါတယ်။ ဒါတွေကိုကြည့်ရင် ကျနော်တို့ရဲ့ ပြည်သူလူထုကြီးဟာ စစ်အာဏာရှင်စနစ်ကို လုံးဝ မလိုလားကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်မှာ ဖြစ်ပါတယ်။ အာဏာရှင်တို့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ရိုက်နှက်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ လူမဆန်စွာ ပြုကျင့်မှုတွေကြောင့် ကျဆုံးခဲ့ရတဲ့ ပြည်သူ တဦးချင်းစီရဲ့ ရဲဝံ့မှု၊ နိုင်ငံတော်အပေါ် သစ္စာရှိမှုတွေအတွက် အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုလိုပါတယ်။ သမီးတွေကို ဆုံးရှုံးခဲ့ရတဲ့ ဖခင်တွေ၊ အိမ်ပြန်မရောက်လာသေးတဲ့ သားတွေကို မျှော်နေတဲ့ မိခင်တွေ၊ အမှန်တရားအတွက် အသက်ပေးသွားရတဲ့ ပြည်သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ကြေကွဲခံစားရပါကြောင်း ပြောကြားလိုက်ပါတယ်။ 

ချစ်ကြည်လေးစားရပါသော သွေးချင်းညီအစ်ကို မောင်နှမ နိုင်ငံသူနိုင်ငံသားအပေါင်းတို့ခင်ဗျာ…. အခုအချိန်ဟာ ကျနော်တို့ နိုင်ငံတော်ကြီးရဲ့ အမှောင်မိုက်ဆုံးအချိန် ဖြစ်သလို ရောင်နီလာတော့မယ့်အချိန်လည်း ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေဟာ မှောင်မိုက်တဲ့ အချိန်တွေကို ဘယ်လောက် ကြံ့ကြံ့ခံနိုင်သလဲဆိုတာ ဆန်းစစ်ခံနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ ထို့အတူ ဒီအရေးတော်ပုံကြီးဟာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုမျိုးစုံကို ဆယ်စုနှစ်များစွာ ခံစားလာရတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးရဲ့ လိုလားတောင့်တချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ထောင်ရေးအတွက် ကျနော်တို့အားလုံး အတူတကွ လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်နိုင်မယ့် အခွင့်အရေးတရပ်လည်း ဖြစ်ပါတယ်။ 

နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ခင်ဗျာ… ကျနော်တို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို တည်ဆောက်ရာမှာ စည်းလုံးညီညွတ်မှုဟာ အခရာကျပါတယ်။ ကျနော်တို့အားလုံးဟာ အရင်က ဘယ်လိုပဲ ကွဲပြားမှုတွေ ရှိပါစေ။ ယခုအချိန်မှာ အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်ဖို့ တဦးလက်ကို တဦး ကျစ်ကျစ်ပါအောင် တွဲထားကြရမှာပါ။ ကျနော့်အနေနဲ့ ဒီအရေးတော်ပုံကြီးအတွင်းမှာ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ဖို့ တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်သွားပါမယ်။ ပြည်သူတွေ မိမိကိုယ်ကိုယ် ခုခံနိုင်ရေးအတွက် လိုအပ်တဲ့ ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားပြုထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ရေးဆွဲပြဋ္ဌာန်းပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများကို ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကတဆင့် စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မတရားတဲ့အမိန့်တွေကို ဖီဆန်ပြီး Civil Disobedience Movement မှာ ပါဝင်ဆောင်ရွက်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ ပြည်သူနဲ့အတူ လက်တွဲပြီး ဆက်လက် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ လုံခြုံရေးအဖွဲ့ဝင်များ အပါအဝင် ကျန်ရှိနေသေးတဲ့ နိုင်ငံ့ဝန်ထမ်းများအနေနဲ့လည်း လူတစုရဲ့ အကျိုးစီးပွားကို သစ္စာစောင့်ခြင်းမဟုတ်ဘဲ နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားများကိုသာ စောင့်သိရမှာ ဖြစ်ကြောင်း သတိပေးလိုပါတယ်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် သက်ဆိုင်တဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအားလုံးနဲ့ လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခခံဥပဒေ ဖျက်သိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်လာရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလေးအနက် ကတိပြု ပြောကြားလိုပါတယ်။

နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ခင်ဗျာ… ကျနော့်ကို ပေးအပ်ထားတဲ့ တာဝန်များကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကျေပွန်အောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ပြည်သူလူထုအတွက် လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အစီအမံများကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလေးအနက်ပြု ထပ်လောင်း ပြောကြားလိုပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ကျနော်တို့အားလုံးဟာ နိုင်ငံရေးလောကဓံရဲ့ ရိုက်ပုတ်ချက်တွေကို မည်မျှခံစားရသည် ဖြစ်ပါစေ… တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုတို့အတွက် နောက်မဆုတ်စတမ်း ချီတက်ကြမယ်ဆိုတာ ရဲရဲကြီး ယုံကြည်ပါတယ်။ ကျနော်တို့ဟာ မတရားတဲ့ အာဏာရှင်စနစ်ကို ဘယ်တော့မှ လက်မြှောက် အရှုံးမပေးဘဲ ကျနော်တို့ရဲ့အနာဂတ်ကို စုပေါင်းအင်အားတွေနဲ့ ထုဆစ်ကြပါမယ်။ အနိုင်မခံ စိတ်ဓာတ်တွေနဲ့ စည်းစည်းလုံးလုံး ဆက်ပြီးချီတက်မယ်ဆိုရင် ကျနော်တို့အားလုံး မျှော်မှန်းနေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဟာ မဝေးတော့တဲ့ အနာဂတ်မှာ စောင့်ကြိုနေမယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ အရေးတော်ပုံ အောင်ရမည်။”

9 months Ago
Up