မန်ဝိန်းကြီးရွာ

November 24, 2020

မန်စီမြို့နယ် မန်ဝိန်းကြီးရွာတွင် နေအိမ် ၁ လုံး လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခံရ 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာမှာ မနေ့ညက နေအိမ်တစ်လုံး လက်လုပ်မိုင်းနဲ့  ပစ်ပေါက်ခံရပြီး ပျက်စီးမှုတချို့ရှိခဲ့ပေမဲ့ လူတွေတော့ ထိခိုက်ဒဏ်ရာရခဲ့တာ မရှိပါဘူး။ မိုင်းနဲ့ ပစ်ပေါက်ခံရတဲ့အိမ်ဟာ မန်ဝိန်းကြီးကျေးရွာ ရပ်ကွက် ၆ ရှိ စိုင်းထွန်းအဲင် (ခ) ဦးထွန်းခင်နဲ့ နန်းခမ်းစိန်တို့ မိသားစုနေအိမ်ဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်  ည ၇ နာရီ မိနစ် ၄၀ လောက်က ပစ်ပေါက်ခံရတာလို့ မန်ဝိန်းကြီးဒေသခံ ဦးစိုင်းလှအောင်က ဒီဗွီဘီကို ပြောပါတယ်။ “သူတို့အိမ်က နှစ်ထပ်တိုက်ပေါ့နော်၊ မနေ့တုန်းက အိမ်ထောင်ဦးစီးကတော့ အိမ်မှာမရှိဘူး။ ခြံသွားနေတယ်။ သူတို့သားအမိ ၃ ယောက်အိမ်ထဲမှာရှိနေတုန်း ဝုန်းကနဲ အသံအကျယ်ကြီး ကြားရပြီး ထကြည့်တော့ အိမ်ရှေ့ဝင်းတံခါးရော၊ အိမ်နံရံ နဲ့ ပြတင်း ပေါက်မှန်တွေ ကွဲကုန်တယ်။ ဆိုင်ကယ်အမြန် မောင်းသံကြားတယ်လို့ပြောတယ်။ လူတော့ မထိပါဘူး။ ဒါပေမဲ့ တစ်ရပ်ကွက်လုံး လန့်ကုန်တယ်။ မန်ဝိန်းကြီးရဲစခန်းက တာဝန်ရှိသူတွေ လာစစ်ပြီး အမှုဖွင့်ထားတယ်။ လက်လုပ်ဗုံးလို့ ပြောလာတယ်။ ဘယ်သူက ဘာဖြစ်လို့ လာပစ်လဲဆိုတာတော့ မသိရပါဘူး။ ” စိုင်းထွန်းအဲင်တို့ မိသားစုဟာ ဖရဲခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ပြီး ရွာထဲမှာတော့  စီးပွါးရေး အတော်အသင့်ချောင်လည်ကြောင်း၊  နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့စတာတွေနဲ့ ပတ်သက်မှု မရှိဘဲ ဘယ်သူနဲ့မှလည်း ရန်ငြိုးရန်စမရှိလို့ ဘာကြောင့်ခုလိုလုပ်ခံရတယ်ဆိုတာ စဉ်းစားလို့မရဘူးလို့ သူကဆက်ပြောပါတယ် ။  ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့နဲ့ အရေးယူဆောင်ရွက်ထားမှု အခြေအနေကိုသိရဖို့  မန်ဝိန်းကြီးရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ ဦးထွန်းခင်ရဲ့ နေအိမ်ရှေ့မှာ အမည်မသိ လူ ၂ ဦးက ဆိုင်ကယ်ပေါ်ကနေ အထုပ်တစ်ထုပ် ပစ်ချသွားခဲ့ကြောင်း ၊ အထုပ်ထဲမှာပါတဲ့ အသံမိုင်းပေါက်ကွဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါအိမ်ရှေ့သံပန်းတံခါးအောက်လျှောက်လမ်း ၁ ပေခွဲလောက်ပျက်စီးသွားပြီး ၊ အိမ်ရှေ့မှန်တံခါး  ၆ ချပ်ကွဲသွားကာ အိမ်နံရံနဲ့ အိမ်သွပ်မိုးတို့မှာ ကျောက်ခဲစတွေထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မန်ဝိန်းကြီးရွာဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိ  ရွာကြီးတစ်ရွာဖြစ်ပြီး ရှမ်း၊ ကချင်၊ လီဆူ၊ တရုတ်၊ မြန်မာအစရှိလူမျိုးပေါင်းစုံနေထိုင်ကြပြီး လောလောဆယ် တိုက်ပွဲတွေဖြစ်ပွားတာလည်း မရှိဘူးလို့ ဒေသခံက ပြောပါတယ်။ ဓာတ်ပုံ-DSINFO 
5 months Ago
Up