လီဗာပူးအသင်းရဲ့ အန်ဖီးလ်ကွင်းကို ဇန်နဝါရီ ၁၉ ရက်နေ့ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပေမယ့် လုံခြုံရေးနဲ့ပတ်သက်ပြီး မစိုးရိမ်ဘူးလို့ မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီပွဲကစားဖို့ ယူနိုက်တက်ကစားသမားတွေ အန်ဖီးလ်ကွင်းကို ရောက်ရှိလာချိန်မှာ လီဗာပူးပရိသတ်တွေက အသင်းရဲ့ဘတ်စ်ကားကို ဝိုင်းဝန်းသြဘာပေးကြဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီလိုအခြေအနေမှာ အသင်းလုံခြုံရေးအတွက် စိုးရိမ်မှုရှိသလားကို သတင်းထောက်တွေက ဆိုးလ်ရှားကို မေးမြန်းရာမှာ “လုံခြုံရေးအတွက်တော့ လုံးဝစိုးရိမ်မှုရှိမနေပါဘူး။ သေချာတာပေါ့ အသင်းနှစ်သင်းရဲ့ပြိုင်ဆိုင်မှုအရ သူတို့ပရိသတ်တွေက ကျနော်တို့အသင်းကို အနှောင့်အယှက်ပေးနိုင်ဖို့ ကြိုးစားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စတွေက စည်းဘောင်အတွင်းမှာပဲဆိုရင် ကျနော်အတွက် ဘာပြသနာမှမရှိပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ကျနော်နည်းပြအဖြစ်နဲ့ ဥရောပကွင်းတွေထဲ ဒါမှမဟုတ် လီဗာပူးအသင်းရဲ့ကွင်းထဲမှာ ထိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်ပရိသတ်တွေက ခင်ဗျားကို ဘာပဲပြောနေနေ၊ အော်နေနေ ခင်ဗျား ဒါကို လုံးဝ သတိပြုမိမှ ာမဟုတ်ပါဘူး။ ဒါဟာ ပွဲကြီးတွေထဲမှာပဲ တွေ့ရလေ့ရှိတဲ့ အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်” လို့ သူကဆက်လက်ပြောဆိုခဲ့ပါတယ်။
လီဗာပူးပရိသတ်တွေဟာ အိမ်ရှင်အသင်းကို ကောင်းကောင်းမွန်မွန် ကြိုဆို ဂုဏ်ပြုလေ့ရှိကြပေမယ့် အသင်းတာဝန်ရှိသူတွေနဲ့ မာဆေးဆိုဒ်ရဲတပ်ဖွဲ့ကတော့ ၂၀၁၈ ခုနှစ် မန်စီတီးအသင်းနဲ့ ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာမျိုးထပ်ဖြစ်မှာကို ရှောင်ရှားလိုနေကြပါတယ်။
အဲဒီပွဲစဉ်မှာ မန်စီးတီးနည်းပြ ဘတ်စ်ကားပေါ်က ဆင်းလာချိန်မှာ လီဗာပူးပရိသတ်တွေက အရာဝတ္ထုတွေနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲတာကြောင့်ပဲ ဖြစ်ပါတယ်။
ဒီလိုစိုးရိမ်မှုတွေ ရှိနေတာကြောင့် မာဆေးဆိုဒ်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၇ ရက်နေ့က ကြေညာ ချက်တစောင်ထုတ်ပြန်ထားပြီးတော့ “ရဲတပ်ဖွဲ့ဟာ လီဗာပူးအသင်း၊ ယူနိုကတက်အသင်း တာဝန်ရှိ သူတွေနဲ့ အတူပူးပေါင်းပြီးတော့ ဇန်နဝါရီ ၁၉ ရက်နေ့မှာကစားမယ့်ပွဲစဉ်အတွက် နှစ်ဖက်ပရိသတ်တွေ လုံခြုံပြီး ပျော်ရွှင်စရာကောင်းတဲ့ နေ့လည်ခင်းလေးဖြစ်အောင် ဆောင်ရွက်သွားပါ့မယ်” လို့ ရေးသားထားပါတယ်။
အင်္ဂလန် ဒါဘီလို့ တင်စားခေါ်ဝေါ်ခြင်းခံထားရတဲ့ ပရီမီးယားလိဂ်မှာ အအောင်မြင်ဆုံး အသင်း နှစ်ခုရဲ့ ပွဲစဉ်ဟာ ဇန်နဝါရီ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
1 year Ago