ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရမယ့်အပေါ်မှာ စိတ်ပျက်မိ ကြောင်း မန်ယူတောင်ပံကစားသမား ဂါနာချိုက ပြောပါတယ်။
ဂါနာချိုဟာ ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့လို့ စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ ရက်သတ္တပတ် ၃ ပတ်ကနေ ၄ပတ် အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။
ဒါဟာ ယူနိုက်တက်အသင်းအတွက် အပြင် အာဂျင်တီးနားအတွက်ပါ ကစားခွင့်ရမှာမဟုတ်တာက စိတ်ပျက်စရာဖြစ်ကြောင်း ဂါနာချိုကပြောပါတယ်။
ကလပ်အသင်းအတွက်အရေးပါတဲ့ အချိန်ကာလမှာ အကူအညီပေးနိုင်တော့မှာမဟုတ်သလို အာဂျင်တီးနားမှာ ရွေးချယ်ခံရပေမဲ့လည်း ပါဝင်နိုင်ခြင်းမရှိတော့တာဟာ စိတ် ပျက်စရာကောင်းကြောင်း ဂါနာချိုကပြောသွားပါတယ်။
အသက် ၁၈ နှစ်ရှိ ဂါနာချိုဟာ အခုနှစ် ရာသီပရီးမီးယားလိဂ် ၁၅ ပွဲမှာ ၂ ဂိုးသွင်း ၂ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
မန်ယူလူငယ်ကြယ်ပွင့်တိုက်စစ်ကစားသမား ဂါနာချိုဟာအသင်းနဲ့ ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပါတယ်။
လက်ရှိအချိန်မှာ ကစားသမားဖြစ်သူရဲ့ ပုံရိပ်အသုံးပြုခွင့်နဲ့ ပတ်သက်တာ တစ်ခုသာ အပြီးသတ်ဆွေးနွေးနေပြီး မကြာခင်မှာ တရားဝင်စာချုပ်ချုပ်ဆိုနိုင်မယ်လို့ ESPN သတင်း မှာဖော်ပြပါတယ်။
အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အာဂျင်တီးနားကစားသမားဟာ အခုနှစ်ရာသီမှာ ယူနိုက်တက်အတွက် စုစုပေါင်း ၂၅ ပွဲအထိကစားခဲ့ပြီး ၃ ဂိုးသွင်းယူခဲ့ပါတယ်။
စာချုပ်သစ်အရ လုပ်ခလစာလည်းတိုးမြင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဂါနာချိုဟာ ၂၀၂၀ ပြည့်နှစ်က စပိန်ကလပ် အက်သလက်တီကိုလူငယ်အသင်းကနေ မန်ယူအသင်းက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။