မန်စီးတီးအသင်းသား

February 19, 2022

မန်စီးတီးအသင်းသားများလိုက်ပါလာသည့်လေယာဉ် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရ

ဥရောပချန်ပီယံလိဂ်ပွဲစဉ်ကစားအပြီးမှာ ပေါ်တူဂီနိုင်ငံကနေ ပြန်သန်းလာခဲ့တဲ့ မန်စီးတီး အသင်းလေယာဉ်ဟာ ရာသီဥတုဆိုးရွားမှုကြောင့် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။ 

မန်စီးတီးအသင်းဟာ ဗုဒ္ဓဟူးနေ့က စပို့တင်းလစ္စဘွန်းနဲ့ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ချန်ပီယံလိဂ် ပွဲစဉ်ကစားပြီးနောက် မန်ချက်စတာကို ပြန်လာခဲ့တာပါ။ 

လေဆိပ်ကို ဆင်းသက်ရာမှာ လေးပြင်းတိုက်ခတ်မှုကြောင့် မန်ချက်စတာလေဆိပ်ကို မဆင်းသက်နိုင်ခဲ့ဘဲ လီဗာပူးမြို့ကို ပြောင်းလဲဆင်းသက်ခဲ့ရတာပါ။ 

နည်းပြဂွါဒီယိုလာကတော့ အသင်းသားတွေ ဘာမှမဖြစ်အောင် လေယာဉ်ကို အကောင်းဆုံးထိန်းကျောင်းနိုင်ခဲ့တဲ့ လေယာဉ်မှူးကို ချီးကျူးစကားဆိုခဲ့ပါတယ်။ 

“လမ်းကြောင်း ပြောင်းလဲခဲ့ရတဲ့လေယာဉ်ကို ဗွီဒီယိုထဲမှာ ပြန်ကြည့်မှ ကျနော်တို့ လေယာဉ်ပေါ်မှာ တွေ့ကြုံရတာထက် ပိုပြီးကြောက်စရာကောင်းခဲ့တယ်။ လေယာဉ်က ဆောင့်တက်သွားပြီး အောက်ကိုပြန်ကျတယ်။ ပြီးတော့ အင်ဂျင်က ချက်ချင်းပြန်လည်စတင်ပြီး ထောင်တက်သွားခဲ့တယ်။ ကျနော်တို့မှာ ထူးချွန်တဲ့လေယာဉ်မှူးရှိခဲ့ပြီး သူက စိုးရိမ်မှုမရှိဖို့ ပြောခဲ့တယ်။ လေယာဉ်မှုးက ချီးကျူးစရာပါ။ ကျနော်တို့ အနည်းငယ်စိုးရိမ်သောက ခံစားခဲ့ရပေမယ့် အဆင်ပြေသွားတဲ့အပေါ် အားလုံးကိုကျေးဇူးတင်ပါတယ်။” 

မန်စီးတီးဟာ စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ခဲ့ ပြီး ဒုတိယအကျော့ကို အိမ်ကွင်းမှာ ထပ်မံကစားရဦးမှာဖြစ်ပါတယ်။ 

10 months Ago

December 29, 2020

မန်စီးတီးအသင်းသားအချို့ ကိုဗစ်-၁၉ ကူးစက်ခံရသဖြင့် အဲဗာတန်နှင့်ပွဲစဉ်ကို ရွှေ့ဆိုင်း

မန်စီးတီးအသင်းသားတချို့မှာ  ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ထပ်တွေ့တာကြောင့် အဲဗာတန်နဲ့ ကန်မယ့်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ ပါတယ်။  အဲဗာတန်နဲ့ပွဲစဉ်နာရီပိုင်းအလိုရောက်မှ မန်စီးတီးအသင်းမှာ ကိုဗစ်ပိုးထပ်တွေ့ခဲ့တာကြောင့် ပွဲရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့တာပါ။ မန်စီးတီးအသင်းမှာ တိုက်စစ်မှူးဂါဘရီယယ်ဂျေးဆူနဲ့ နောက်ခံလူ ဝေါ်ကာတို့က ကိုဗစ်-၁၉ ပိုးတွေ့ရှိထားတာဖြစ်ပြီး တခြားကစားသမားနဲ့ အသင်းဝန်ထမ်းတွေဆီ ရောဂါကူးစက်ခဲ့တာပါ။  ဘယ်သူတွေမှာ ပိုးတွေ့တယ်ဆိုတာမသိရပေမယ့်လည်း ပရီးမီးယားလိဂ်နဲ့ ယူကေ အစိုးရတို့ရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လုပ်ဆောင်သွားမယ်လို့ မန်စီးတီးအသင်းက သတင်းထုတ်ပြန်ပါတယ်။ ပရီးမီးယားလိဂ်ဘက်ကလည်း  ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေရဲ့ ကျန်းမာရေးက ဦးစားပေးဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဆက်ကျင်းပဖို့ ယုံကြည်မှုအပြည့်ရှိကြောင်း သတင်းထုတ် ပြန်ခဲ့ပါတယ်။  အခုလအစောပိုင်းက နယူးကာဆယ်နဲ့ ဗီလာပွဲကိုလည်း နယူးကာဆယ်အသင်းမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ပွဲရွှေ့ခဲ့ရပါတယ်။ 
2 years Ago
Up