မန်စီတီး

November 20, 2020

နည်းပြဂွါဒီယိုလာ မန်စီတီးအသင်းနှင့်  ၂ နှစ်သက်တမ်းတိုး

မန်စီတီးနည်းပြ ပက်ဂွာဒီယိုလာဟာ အသင်းနဲ့စာချုပ်ကို ၂ နှစ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ကာ ၂၀၂၃ ခုနှစ်နွေရာသီအထိ မန်စီတီးအသင်းမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကြောင့် ဂွါဒီယိုလာရဲ့ နည်းပြသက်တမ်းအတွင်း မန်စီတီးအသင်းမှာ အချိန်အကြာဆုံး နည်းပြခဲ့မှုအဖြစ်လည်း သတ်မှတ်ရမှာဖြစ်ပါတယ်။  နိုင်ငံတကာသီတင်းပတ်ကြောင့် ကလပ်ပွဲစဉ်တွေရပ်နားထားရစဉ်အတွင်း ဂွါဒီယိုလာနဲ့ မန်စီးတီးအသင်းတာဝန်ရှိသူတွေအကြား စာချုပ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာဖြစ်ပြီး အခုသဘောတူညီချက်က မန်စီတီးပရိသတ်တွေအတွက် ဝမ်းမြောက်စေမှာအသေအချာပါပဲ။ ဂွါဒီယိုလာဟာ မန်စီတီးအသင်းနဲ့အတူ ဖလား ၈ လုံး ဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။ ဂွါဒီယိုလာက “ကျနော်မန်စီတီးအသင်းကို စရောက်ချိန်ကတည်းက ကလပ်အသင်း၊ မန်ချက်စတာမြို့နဲ့ အသင်းကစားသမားတွေ၊ ဝန်ထမ်းတွေ၊ အားပေးသူတွေ၊ မြို့ခံတွေအပြင် ဥက္ကဋ္ဌနဲ့ အသင်းပိုင်ရှင်တို့ကည်း ကျနော့်ကို ကြိုဆိုနေတယ်လို့ ခံစားရပါတယ်။ အဲ့အချိန်ကစပြီးတော့ ကျနော်တို့ဟာ ကောင်းမွန်တဲ့ကိစ္စအပြင် ဂိုးတွေ၊ နိုင်ပွဲတွေနဲ့ ဆုဖလားတွေကို အတူတကွ အောင်နိုင်ခဲ့ကြပါတယ်။ အဲ့ဒီအတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီလိုအထောက်အပံ့မျိုးက မန်နေဂျာတဦးအတွက် အရေးကြီးဆုံးပါ။ ကျနော့်နည်းပြ အလုပ်အတွက် လိုအပ်တဲ့ အရာမှန်သမျှကို ဒီမှာရရှိနေပါတယ်။ နောက်ပိုင်းအသင်းပိုင်ရှင်၊ ဥက္ကဋ္ဌတို့ရဲ့ယုံကြည်မှုကြောင့်လည်း ဒီမှာနောက် ၂ နှစ်ထပ်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကျနော့်အတွက်နောက်ထပ်စိန်ခေါ်မှုက အသင်းကို တိုးတက်လာဖို့ ဆင့်ကဲပြောင်းလဲလာဖို့အတွက်ဖြစ်ပြီး မန်စီတီးအသင်းကို ဒီလိုမျိုးကူညီရမှာဖြစ်တာကြောင့် စိတ်လှုပ်ရှားမိပါတယ်” လို့ ပြောပါတယ်။ ဂွါဒီယိုလာကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိကြောင်းနဲ့ မန်စီတီးပရိသတ်တွေလည်း ဝမ်းသာမယ်လို့ထင်ကြောင်း အသင်းဥက္ကဋ္ဌ ခဲလ်ဒွန်းမူဘာရတ်က ပြောပါတယ်။
1 year Ago

October 22, 2020

မန်စီတီး ၃ - ၁ ပေါ်တို၊ ဒဏ်ရာရ ဖာနန်ဒင်ဟိုအခြေအနေ စိုးရိမ်ဟု ဂွါဒီယိုလာ ပြော (ရုပ်သံဟိုက်လိုက်)

အောက်တိုဘာ ၂၁ ရက်ညမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ ဖာနန်ဒင်ဟိုရဲ့ အခြေအနေနဲ့ပတ်သက်လို့ အဆိုးဆုံးဖြစ်လာမှာ စိုးရိမ်မိတယ်လို့ မန်စီတီးနည်းပြ ပက်ဂွါဒီယိုလာ က ပြောပါတယ်။  အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ဒီပွဲမှာ မန်စီတီးအသင်းက ပေါ်တိုအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာ အဖွင့်လှခဲ့ပြီ ဖြစ်ပါတယ်။  ဒါပေမဲ့ ဖာနန်ဒင်ဟို ဒဏ်ရာရရှိသွားခဲ့ခြင်းက အသင်းအတွက် ထိုးနှက်ချက်တခုဖြစ်လာနိုင်  ပြီး ဘရာဇီးလ်ကစားသမားဟာ ၈၄ မိနစ်မှာမှ လူစားဝင်ခဲ့ပေမဲ့ ပွဲအပြီးခင်မှာတင် ဒဏ်ရာ ကြောင့်ကွင်းထဲက နေထွက်ခွာသွားခဲ့ရပါတယ်။ မန်စီတီးအသင်းဟာ ဒီဘရိုင်း၊ ဂျေဆု၊ အကီ၊ မန်ဒီ၊လာပေါ့ထ်တို့ကို ဒဏ်ရာကြောင့် လက်လွှတ်ထားရပြီဖြစ်ပြီး ဖာနန်ဒင်ဟိုပါ ဒဏ်ရာရ ကစားသမားစာရင်းကို ရောက်ရှိသွားခဲ့ခြင်းက အသင်းအတွက် စိုးရိမ်စရာဖြစ် လာပါတယ်။  ကွင်းလယ်လူဟာ အောက်တိုဘာ ၂၁ ရက်ပွဲမှာ ဂျွန်စတုမ်းနဲ့ လူစားလဲခဲ့ရပြီး ဒဏ်ရာ ကြောင့်သူဟာ ကာလ တခုအထိ အနားယူရနိုင်တယ်လို့ ဂွါဒီယိုလာက ပွဲအပြီးမှာပြောပါတယ်။ “သတင်းဆိုးကတော့ သူဒဏ်ရာရရှိခဲ့တာပါ။ သူဟာ ကာလရှည်အနားယူရတော့မယ့်ပုံစံ ဖြစ်ပြီး ဒါဟာဖြစ်ပြီးခဲ့ပါပြီ” လို့ ဂွါဒီယိုလာက ပြောပါတယ်။  “ သူ သီတင်းပတ် ၄ ခုကနေ ၆ ခုလောက်အထိအနားယူရနိုင်ပါတယ်။ သေချာတာကတော့ ဒါဟာအသင်းအတွက်သတင်းကောင်းမဟုတ်ပါဘူး။ ပွဲတွေ ကစားဖို့ အများကြီးရှိနေတဲ့အချိန်မှာ ကစားသမားတွေ ဒဏ်ရာရှိနေတာက ကျနော်တို့အတွက်ပြသနာပါ။ ဒါပေမဲ့ ဒါတွေက ဖြစ်လေ့ ဖြစ်ထရှိတဲ့အခြေအနေပါပဲ”လို့လည်း ဂွါဒီယိုလာက ပွဲအပြီးမှာ ပြောပါတယ်။ ဒီပွဲမှာ မန်စီတီးအသင်းဟာ အက်ဂွဲရိုး၊ ဂမ်ဒိုဝန်၊ ကစားသမားသစ် ဖာဟန်တောရက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒင်ဟို ဒဏ်ရာရရှိခဲ့ပေမဲ့လို့ ပေါ်တိုနဲ့ပွဲမှာ အသင်းရဲ့ကစားပုံနဲ့ပတ်သက်ပြီး ကျေနပ်မှု ရှိတယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။  မန်စီတီးဟာ လာမယ့်သီတင်းပတ်မှာ ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်အဖြစ် မာဆေးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။  “ပထမပိုင်းပြီးခါနီး ၁၀ မိနစ်၊ ၁၅ မိနစ်လောက်နဲ့ ဒုတိယ ပိုင်းအစမှာ ကျနော်တို့ ပွဲကို ကောင်းကောင်းကစားခဲ့ပါတယ်။ ဒါဟာကောင်းမွန်တဲ့ အဖွင့်ပွဲစဉ်လည်း ဖြစ်ပါတယ်။ ချန်ပီယံ လိဂ်မှာ ကစားသမား ၅ ယောက် လူစားလဲခွင့် ရရှိခြင်းက ကောင်းမွန်တဲ့အခြေအနေလည်း ဖြစ်ပါ တယ်” လို့ ဂွါဒီယိုလာက ပြောပါတယ်။
1 year Ago
Up