အီတလီအသင်းအနေနဲ့ ပလေးအော့ဖ်အဆင့်ကနေ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်အောင် လုပ်ဆောင်ပြီး ချန်ပီယံဆုဖလား ပါရယူနိုင်တယ်လို့ နည်းပြ မန်ချီနီက ပြောပါတယ်။
အီတလီအသင်းဟာ ခြေစစ်ပွဲအုပ်စုအဆင့်မှာဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ၁၂ သင်းပါဝင်တဲ့ ပလေးအော့ဖ်အဆင့်ဆက်ကစားရမှာဖြစ်ပြီး အဲဒီ ၁၂ သင်းထဲက ၃ သင်းသာ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
အီတလီနည်းပြ မန်ချီနီကတော့ ခြေစစ်ပွဲ တိုက်ရိုက်မအောင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားကို သွားနိုင်မယ်လို့ ယုံကြည်နေပြီး ချန်ပီယံဆုဖလားတောင်ရယူနိုင်တယ်လို့ ဆိုခဲ့တာပါ။
“ခုချိန်ကနေ မတ်လမတိုင်ခင်အထိ တည်တည်ငြိမ်ငြိမ်နဲ့ သေချာပြင်ဆင်သွားရမယ်။ ကမ္ဘာ့ဖလားဆီသွားခွင့်ရအောင်လုပ်ဆောင်ပြီး ချန်ပီယံတောင်ရ ယူနိုင်ပါတယ်။အဲဒီလိုဖြစ်မယ်လို့ လုံးဝယုံကြည်မှုရှိပါတယ်” လို့ နည်းပြမန်ချီနီက ပြောပါတယ်။
လက်ရှိဥရောပချန်ပီယံ အီတလီအသင်းဟာ ၂၀၁၇ ခုနှစ်က ပလေးအော့ဖ်အဆင့်မှာ ဆွီဒင်ကို ရှုံးနိမ့်ခဲ့လို့ ၂၀၁၈ ကမ္ဘာ့ဖလားကို လွဲချော်ခဲ့ဖူးပါတယ်။
ဒီနေ့ညမှာကစားမယ့် ယူအီးအက်ဖ်အေနေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းရဲ့ ကစားပုံကို လိုက်မီနိုင်ဖို့ လိုအပ်ချက်တွေရှိသေးကြောင်း အီတလီနည်းပြ မန်ချီနီကပြောပါတယ်။
မန်ချီနီဟာ အီတလီအသင်းနဲ့အတူ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့် စပိန်နဲ့ပွဲအတွက်တော့ ကိုယ့်အသင်းကို နှိမ့်ချပြီး ပြိုင်ဘက်ကို ချီးကျူးသွားခဲ့တာပါ။
စပိန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ရုန်းကန်ခဲ့ရတဲ့အသင်းဆိုတာ မှန်ပေမယ့် ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားတတ်တာက နှစ်ပေါင်း ၂၀ လောက်ကြာပြီဖြစ်ကြောင်း၊ အီတလီအသင်းအနေနဲ့ စပိန်လိုကစားနိုင်ဖို့ တိုးတက်မှုတွေရှိဖို့လိုပြီး ပိုပြီး မြန်နှုန်းမြင့် ကစားနိုင်ဖို့လိုသေးကြောင်း နည်းပြ မန်ချီနီက သုံးသပ်ခဲ့တာပါ။
ဒါပေမယ့်လည်း ယူရိုချန်ပီယံ ရယူခဲ့အပြီးမှာ နေးရှင်းလိဂ်ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ခမ်းနားစရာဖြစ်ပြီး ကမ္ဘာ့ဖလားကို စောစီးစွာ ဝင်ခွင့်ရရှိမှာကလည်း အခွင့်အရေးတစ်ခုဖြစ်ကြောင်း နည်းပြ မန်ချီနီက ပြောပါတယ်။
တခြား ဆီးမီးဖိုင်နယ်မှာတော့ ဘယ်လ်ဂျီယံနဲ့ ပြင်သစ်တို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အနိုင်ရတဲ့ ၂ သင်းက အောက်တိုဘာ ၁၁ ရက်နေ့ ဗိုလ်လုပွဲယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။