ယူနိုက်တက်အသင်းအတွက် သွင်းယူပေးမယ့် သွင်းဂိုးတိုင်းက မကြာသေးခင်က ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ညီမဖြစ်သူကို ရည်ညွှန်းတယ်လို့ ယူနိုက်တက် တိုက်စစ်မှူးသစ် အိုဒီရွန်အီဂါလိုက ပြောဆိုခဲ့ပါတယ်။
အီဂါလိုရဲ့ ညီမဖြစ်သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ သေဆုံးသွားခဲ့တာပါ။
နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူးဟာ ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာမှ အိုးထရက်ဖို့ဒ်ကို ခြောက်လ အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့သူပါ။
တခြားအသင်းဖော်တွေ စပိန်နိုင်ငံ မာဘယ်လာမှာ စခန်းသွင်း လေ့ကျင့်နေချိန်မှာ အီဂါလိုဟာ မန်ချက်စတာမြို့မှာ တဦးတည်း လေ့ကျင့်ခန်းဆင်းနေပြီး သူဟာ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်မဲ့ တနင်္လာနေ့ ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပထမဆုံး ပွဲထွက်လာနိုင်ချေ ရှိနေပါတယ်။
ယူနိုက်တက်အသင်းအတွက် ပွဲထွက်ဖို့ အဆင်သင့်ဖြစ်နေချိန်မှာ အီဂါလိုက ဒီဇင်ဘာလက သူတို့မိသားစုရဲ့ စိတ်ထိခိုက်စရာ ဖြစ်ရပ်ကို ထုတ်ဖော် ပြောဆိုလိုက်တာပါ။
အသက် ၃၀ အရွယ် တိုက်စစ်မှူးရဲ့ ညီမဖြစ်သူ အသက် ၂၉ နှစ်အရွယ် မာရီအတိုလီဟာ ဒီဇင်ဘာလတုန်းက ကနေဒါမှာရှိတဲ့ နေအိမ်မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။
ဒီဖြစ်ရပ်က သူ အပါအဝင် မိသားစုတစ်ခုလုံးအတွက် ဖြေမဆည်နိုင်စရာ အခိုက်အတန့် ဖြစ်ခဲ့တယ်လို့ အီဂါလိုက ဝန်ခံပါတယ်။
“ညီမက ကျနော်တို့ကို ထာဝရခွဲခွာသွားပြီးတော့ သူ့ကို နောက်ထပ် ဘယ်တော့မှ တွေ့ခွင့်မရှိတော့ဘူးဆိုတဲ့ ဖြစ်ရပ်က အရမ်းပဲ စိတ်ထိခိုက်စေခဲ့ပါတယ်” လို့ တိုက်စစ်မှူးက The Sun သတင်းဌာနကို ပြောခဲ့ပါတယ်။
“တခါတလေ တကိုယ်တည်း အထီးကျန်ချိန်မှာ သူ့ကို သတိရပါတယ်။ ကျနော့် နှလုံးသားထဲ ဒီဝေဒနာက ပြင်းပြင်းထန်ထန်ကို စွဲကျန်နေပါတယ်။ ဒါဟာ အရမ်းကို နာကျင်စရာကောင်းတဲ့ ဆုံးရှုံးမှုတခုပါ။ ဒါပေမဲ့ ယောက်ျားတယောက်အနေနဲ့ ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားနေပါတယ်” လို အီဂါလိုက ပြောပါတယ်။
သေဆုံးသွားခဲ့ပြီဖြစ်တဲ့ အစ်မကို ဂုဏ်ပြုဖို့ အီဂါလိုက သူ့ရဲ့ ဘောလုံးကန်ဖိနပ်တွေမှာ ညီမနာမည်ကို ရေးထိုးထားကြောင်း ပြောဆိုကာ သူ ဝတ်ဆင်မယ့် ယူနိုက်တက်အင်္ကျီရဲ့ အောက်မှာလည်း သူ့ညီမနာမည် ပါတဲ့တီရှပ်ကို ဝတ်ဆင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် သူဟာ ယူနိုက်တက်အတွက် ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်မယ်ဆိုရင် သူ့ညီမ နာမည်ပါတဲ့ အင်္ကျီကို ဖော်ထုတ် အောင်ပွဲခံသွားမှာလည်း သေချာသလောက် ရှိနေပါတယ်။
အခုချိန်ကစပြီးတော့ ကစားသမားဘဝ ပြီးဆုံးတဲ့အချိန်အထိ သွင်းယူနိုင်တဲ့ ဂိုးတိုင်းကို ညီမအတွက် ရည်ညွှန်းသွားမယ်လို့လည်း အီဂါလိုက ပြောပါတယ်။
1 year Ago