မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဆုဖလားရရှိဖို့အတွက် အနည်းဆုံး ၂ နှစ်လောက် အချိန်ယူရနိုင်တယ်လို့ နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ပြောပါတယ်။
Five YouTube Channel နဲ့ အင်တာဗျူးမှာ မန်ယူအသင်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဖာဒီနန်က အားမလိုအားမရဖြစ်ခဲ့ပြီး ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ သုံးသပ်ခဲ့တာပါ။
ယူနိုက်တက်အသင်းရဲ့ ပြဿနာတစ်ခုက နည်းပြအပြောင်းအလဲများတာဖြစ်ပြီး လက်ရှိ ယာယီနည်းပြ ရန်းနစ်ခ် နေရာအစားဝင်မယ့် နည်းပြသစ်ဟာလည်း အချိန်တစ်ခုထပ်ပြီး ရယူဦးမယ်လို့ ဖာဒီနန်က ပြောပါတယ်။
“ယူနိုက်တက်အသင်းအနေနဲ့ ဆုဖလားတွေ ရယူနိုင်ဖို့က လာမယ့်နှစ် ဒါမှမဟုတ် ၂ နှစ်လောက်တော့ အနည်းဆုံး အချိန်ယူရဦးမှာပါ။ ကျနော်တို့ဟာ နည်းပြသစ်လက်ထက်မှာ ကစားပုံတစ်ခု ပြန်လည်တည်ဆောက်ရဦးမှာဖြစ်ပြီး အမှားအယွင်းတွေလည်း ရှိလာနိုင်သေးတယ်။ လက်ရှိ ကစားသမားတွေရဲ့ အကောင်းဆုံးပုံစံကို ထုတ်ယူပြီး အတူတကွ ကြိုးစားမယ်ဆိုရင် ၂ နှစ်လောက် အချိန်ပေးရနိုင်ပါတယ်" လို့ ဖာဒီနန်က ပြောပါတယ်။
ယာယီနည်းပြ ရက်ဖ်ရန်းနစ်ခ်ဟာ ရာသီအကုန်မှာ အကြံပေးအနေနဲ့ ပြောင်းလဲတာဝန်ယူမှာဖြစ်ပြီး မန်ယူအသင်းက နည်းပြသစ်တစ်ဦး ဆက်ပြီးခေါ်ယူမှာဖြစ်ပါတယ်။