ကရင့်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ပြန်လည်ပေါင်းစည်းရေး ထောက်ခံပွဲတခုကို ကရင်ပြည်နယ်တွင်း ပြုလုပ်ခဲ့ပြီး ကျေးရွာပေါင်း ၂၂ ရွာက ပြည်သူလူထုတွေ တက်ရောက် ထောက်ခံခဲ့ကြပါတယ်။ ဒီထောက်ခံပွဲ ကျင်းပပြုလုပ်ရတဲ့အကြောင်းနဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ ပေါင်းစည်းရေး၊ ကရင်ပြည်သူလူထုရဲ့ သဘောထား စတာတွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူး မန်းမြအေးကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး - ကော့ကရိတ်မြို့နယ် အံဖကြီးကျေးရွာပေါ့နော်၊ ထောက်ခံပွဲလုပ်တယ်။ ဘာကြောင့် ထောက်ခံပွဲလုပ်လဲ၊ ဘယ်သူ့ကိုထောက်ခံတာလဲ ပြောပြပါဦးခင်ဗျ။
ဖြေ - ကျနော်တို့က ကရင့်လက်နက်ကိုင်သုံးဖွဲ့ရဲ့ ပြန်လည်ပေါင်းစည်းဖို့ လူထုဆန္ဒခံယူတဲ့အခါမှာ လူထုများစွာ တက်လာတဲ့အတွက်ကြောင့် လူထုကိုယ်စားလှယ်အားလုံးရဲ့ သဘောကို ယူပြီးတော့ ဒီဆန္ဒဖော်ထုတ်တာကို ထောက်ခံကြရဲ့လား။ ပေါင်းစည်းတာကို ထောက်ခံကြရဲ့လားလို့ဆိုတဲ့ ထောက်ခံပွဲ ကျင်းပတာ ဖြစ်ပါတယ်။
မေး - ဒီထောက်ခံပွဲကို ဘာကြောင့်လုပ်ရသလဲ။
ဖြေ - ကျနော်တို့က ကရင်ပြည်နယ်မှာရှိနေတဲ့ ကရင့်လက်နက်ကိုင် အဖွဲ့အစည်းတွေက များစွာကွဲပြားနေတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်နေတယ်။ ကျနော်တို့လူထုအနေနဲ့ ကရင့်လက်နက်ကိုင် အဖွဲ့အစည်းတွေ များပြားပြီး ကွဲပြားတာကို မလိုအပ်လို့။ မလိုအပ်တဲ့အတွက် ကျနော်တို့က ပြန်လည်ပေါင်းစည်းပါလို့ ဆန္ဒပြုရင်းနဲ့ ထောက်ခံပွဲလုပ်ပါတယ်။
မေး - အခု ကရင့်လက်နက်ကိုင်ထဲမှာ သုံးဖွဲ့ရှိတယ်ပေါ့နော်။ သူတို့တွေက လက်နက်ကိုင်ထားတယ်။ ကေအန်ယူလည်း လက်နက်ကိုင်ထားတယ်။ ပီစီလည်း လက်နက်ကိုင်ထားတယ်။ ဒီကေဘီအေလည်း လက်နက်ကိုင်ထားတယ်ပေါ့နော်။ လက်နက်ကိုင်ထားသူ အချင်းချင်းက ပြန်လည်ပေါင်းစည်းဖို့ လွယ်ပါ့မလား။
ဖြေ - လက်နက်ကိုင်အချင်းချင်းတော့ ပြန်လည်ပေါင်းစည်းဖို့တော့ လွယ်မယ်မဟုတ်ပါဘူး။ သို့သော်လည်းပဲ အမျိုးသားရေးကို အခြေခံပြီးတော့ သွားမယ်ဆိုရင်တော့ ပေါင်းလို့သင့်တယ်။ ပေါင်းစည်းရမှာပဲလို့ ကျနော်တို့ ခံယူတယ်။ တကယ်လို့များ တဖွဲ့နဲ့တဖွဲ့က လက်နက်ကိုင်၊ နင့်လက်နက်၊ ငါ့လက်နက်ဆိုပြီးတော့ သဘောတရားတွေနဲ့ သွားမယ်ဆိုရင်တော့ ပြန်လည်ပေါင်းစည်းဖို့တော့ မလွယ်ပါဘူး။ ကျနော့်အနေနဲ့ ဆိုလိုချင်တာက ကရင့်အမျိုးသားကို အခြေခံပြီးတော့ သွားကြမယ်ဆိုရင်၊ ကျနော်ဘာလုပ်နေသလဲ၊ ကျနော်လက်နက်ကိုင်တာ ဘယ်သူ့အတွက်လဲ၊ အဲဒါကို အခြေခံပြီးတော့ စဉ်းစားပြီးတော့၊ တွေးတောပြီးတော့ ငါတို့ဟာ ကရင့်အမျိုးသားပါလို့ လက်နက်ကိုင်ကြမယ်ဆိုရင်၊ ကရင့်အမျိုးသားအတွက် ဘာတွေ လုပ်ပေးသင့်သလဲဆိုတာကို ဦးတည်ပြီးတော့ သွားကြမယ်ဆိုရင် ပြန်လည်ပေါင်းသင်းဖို့ အခက်အခဲမရှိပါဘူး။
မေး - ဒီကေဘီအေကို မေးပြန်တော့လည်း ဒီကေဘီအေက ကရင့်ပြည်သူအတွက်ပဲ အလုပ်လုပ်တယ်ပေါ့နော်။ ပီစီကို မေးပြန်တော့လည်း ကရင့်ပြည်သူအတွက်ပဲ အလုပ်လုပ်တယ်။ ကေအန်ယူကို မေးပြန်တော့လည်း ပြည်သူအတွက်ပဲ အလုပ်လုပ်တယ်ပေါ့နော်။ အားလုံးက ပြည်သူအတွက်ပဲ အလုပ်တွေ လုပ်ပေးတယ်ဆိုတော့ ပြန်လည်ပေါင်းစည်းပြီးတော့ တညီတညွတ်နေမယ်ဆိုရင်ကော ဘယ်လိုအခြေအနေရှိမလဲ။
ဖြေ - ကျနော်တို့အနေနဲ့ကတော့ အားလုံးက ပြည်သူ့အတွက်လုပ်တယ် ဆိုတာလည်း ကျနော်တို့က လက်ခံပါတယ်။ သို့သော်လည်းပဲ ပြည်သူ့အတွက်လုပ်တယ်ဆိုတာ မူဝါဒတို့၊ လမ်းစဉ်တို့ ရှိရမယ်။ တကယ်လို့များ သူတို့မှာလည်းရှိသလို ပြည်သူလူထု လက်ခံတဲ့ မူဝါဒတွေ၊ လမ်းစဉ်တွေ ဖြစ်မယ်ဆိုရင် ဒါ လူထုအတွက် အလုပ်လုပ်တာပဲလို့ ကျနော်ယူဆတယ်။ တကယ်လို့များ တချို့က မူဝါဒမတူလို့၊ ကွဲပြားနေတဲ့ မူဝါဒ၊ လမ်းစဉ်တွေ ဖြစ်နေမယ်ဆိုရင် ဒါ လူထုအတွက် အလုပ်လုပ်တာ ဟုတ်ရဲ့လားလို့ ကျနော်တို့အတွက် သံသယရှိနေတယ်။ အဲဒါကြောင့်မို့ သူတို့အတွက် ပြန်လည်ပေါင်းစည်းဖို့အတွက်က ဒီမူဝါဒလမ်းစဉ်ကနေ အခြေခံပြီးတော့၊ အမျိုးသားရေးကို အခြေခံပြီးတော့ လုပ်ကြမယ်ဆိုရင် အတူလက်တွဲကြဖို့ ကျနော်တို့ တောင်းဆိုတာ၊ ဆန္ဒပြုတာ ဖြစ်ပါတယ်။
မေး - အားလုံးကတော့ ကရင့်ပြည်သူအတွက်ပဲ အလုပ်လုပ်ကြတယ်ပေါ့နော်။ အကယ်၍ မပေါင်းစည်းဘူးဆိုရင် ပြည်သူကို တိုက်ခိုက်တာနဲ့ မတူဘူးလားခင်ဗျ။
ဖြေ - မပေါင်းစည်းဘူးဆိုရင် ပြည်သူကိုပြန်ပြီးတော့ တိုက်ခိုက်တဲ့သဘောတော့ ဖြစ်သွားတာပေါ့။ ပြည်သူ့ရဲ့ ၀န်ထုပ်ဝန်ပိုးဆိုတာ ကရင်ပြည်နယ်တခုလုံးရဲ့ ဌာနေနေ ပြည်သူလူထုတွေက ခေါင်းဆောင်ဆိုတာ ကျနော်တို့ တမူတည်း တလမ်းစဉ်တည်း သွားရမယ့် ခေါင်းဆောင်တွေ၊ လမ်းစဉ်တွေပဲ ခံယူကြတာများတယ်။ တကယ်လို့များ လမ်းစဉ်တွေ၊ မူဝါဒတွေကို တခုတည်း၊ တမူတည်း မသွားဘဲနဲ့ သူ့ဟာသူသွား၊ ကိုယ့်ဟာကိုယ်သွား၊ သူ့မူနဲ့သူ သွားနေမယ်ဆိုရင် ပြည်သူကို ၀န်ထုပ်ဝန်ပိုးပေးရာ ကျတာပဲ။
မေး - ဒီကနေ့ဆိုရင်တော့ ရွာ ၂၂ ရွာကနေပြီးတော့ လာပြီးတော့ ထောက်ခံကြတယ်။ ပြောတဲ့အချိန်မှာလည်း ပြန်လည်ပေါင်းစည်းဖို့လည်း အဆိုများတယ်ပေါ့နော်။ ဒီအပေါ်ကော ဘယ်လိုခံစားရလဲ။
ဖြေ - အဲလိုမျိုး များစွာသော ပြည်သူလူထုရဲ့အသံကို ကြားရတော့ တကယ်ဂုဏ်ယူစရာ၊ ပီတိဖြစ်စရာတွေ အများကြီးကို ခံစားရတယ်။ ဒါတွေဟာ သူတို့အတွက်လည်း တကယ့်လိုအပ်ချက်ရှိနေလို့ သူတို့တောင်းတာ ဖြစ်ချင်ဖြစ်မယ်။ ကျနော်တို့လည်း လိုအပ်ချက်ရှိလို့ စုပေါင်းပြီးတော့ တောင်းဆိုတာ ဖြစ်တဲ့အတွက်ကြောင့် အများကြီး ၀မ်းသာပြီးတော့ ပီတိဖြစ်ပါတယ်။
မေး - လက်ရှိမှာဆိုရင်တော့ ငြိမ်းချမ်းရေး အသီးအပွင့်တော့ ရလာပြီပေါ့နော်၊ မြန်မာနိုင်ငံထဲမှာ။ ကရင်ပြည်နယ်တခုလုံးရဲ့ လက်နက်ကိုင်အဖွဲ့တွေကို အကယ်၍ ပြန်လည်ပေါင်းစည်းပြီဆိုရင်တော့ လက်ရှိနေထိုင်တဲ့ ကရင်ပြည်သူတွေကိုပေါ့နော် ဘယ်လောက်ထိ ကိုယ့်ရဲ့လုပ်ငန်းကို အောင်မြင်တဲ့အထိ လုပ်နိုင်မယ်လို့ထင်လဲ။
ဖြေ - ဒါကျတော့ ကျနော်တို့ ကရင်ပြည်နယ် အမျိုးသားရေးပဲ ကြည့်မယ်ဆိုရင် တထောင့်တနေရာကနေ အထောက်အကူပြုတာသာမက ပြန်လည်ပေါင်းစည်းလိုက်ပြီဆိုရင် ကရင်ပြည်နယ်တခုလုံးက ၀မ်းမြောက်ဝမ်းသာ တကယ့်ဂုဏ်ယူရမယ့် ကိစ္စတခုပါ။ အကယ်၍များ ဘယ်လောက်ထိ အောင်မြင်သလဲဆိုတာက နိုင်ငံရေးဆွေးနွေးမှုအပေါ်မှာ မူတည်ပြီးတော့ သွားရမယ်။
မေး - ကရင့်လက်နက်ကိုင်အဖွဲ့ကတော့ သုံးဖွဲ့ပြန်လည်ပေါင်းစည်းရေးထဲမှာ နယ်ခြားစောင့်တပ်မပါဘူး၊ နယ်ခြားစောင့်တပ်က ဘာလဲပေါ့။
ဖြေ - ကျနော်တို့အနေနဲ့ သိရတာက နယ်ခြားစောင့်တပ်ကလည်း ကရင်တွေပါပဲ။ သို့သော်လည်းပဲ သူတို့က နိုင်ငံတော်နဲ့ ကျနော်ဆိုလိုချင်တာ ကရင်ပြည်နယ်မှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက နိုင်ငံတော်အသိအမှတ်ပြုပြီး နိုင်ငံတော်မူဘောင်ရေးဆွဲရတဲ့ ကာကွယ်ရေးမူဘောင်ထဲကို သူတို့လက်အောက်ခံ ဖြစ်သွားခဲ့ပြီ။ သို့သော်လည်းပဲ ကရင်တွေပါပဲ။ ကျနော်တို့ ဒီက ကေအန်ယူ၊ ဒီကေဘီအေ၊ ပီစီတွေကကျတော့ သူတို့မူနဲ့ သူတို့ဘောင်နဲ့ ရေးဆွဲနေတဲ့ အခါကျတော့ နိုင်ငံတော်နဲ့ ပြန်လည်ညှိနှိုင်းရမယ့် မူဘောင်တွေ ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ သူတို့အတွက် ကရင်ဖြစ်သော်လည်းပဲ ဒီနေ့မှာ ကျနော်တို့အတွက် ဆွေးနွေးစရာ မလိုအပ်သေးဘူးလို့ပဲ ကျနော်ထင်ပါတယ်။ သူတို့နဲ့ဆွေးနွေးဖို့ရာ အဲလောက်ထိ အချိန်မရှိသေးဘူး၊ မလိုအပ်သေးဘူးလို့ပဲ ကျနော်ထင်ပါတယ်။ သို့သော်လည်းပဲ တနေ့နေ့ တချိန်ချိန်တော့ လိုအပ်ပါလိမ့်မယ်။ အကယ်၍များ သူတို့ဘက်ကလည်း အထောက်အကူပြုနိုင်တဲ့ အကြံအဉာဏ်တွေ သူတို့ဘက်မှာလည်း ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြမယ်ဆိုရင် ကျနော်တို့အတွက် ဂုဏ်ယူရမယ့် ကိစ္စတခုပါ။
မေး - ကရင့်လက်နက်ကိုင်သုံးဖွဲ့ပေါ့နော်။ အကယ်၍ ကေအန်ယူ လက်အောက်ခံမှာပဲ ပြန်ပြီးတော့ နေရမယ်ဆိုရင်တော့ နှစ်ဖွဲ့ပေါ့။ ဒီကေဘီအေရယ်၊ ကေအန်ယူ/ ကေအန်အယ်လ်အေ(ပီစီ)ပေါ့၊ အဲဒီနှစ်ဖွဲ့ပေါ့နော်။ တကယ်လို့ အဲဒီနှစ်ဖွဲ့ဟာ ကေအန်ယူ လက်အောက်မှာ ပြန်နေမယ်၊ ပြန်လည်ပေါင်းစည်းမယ်ဆိုရင် ဘယ်လိုနေသင့်လဲ။
ဖြေ - ဒါကျတော့ တကယ့်စစ်ရေးအရ မေးတဲ့စကားလို ဖြစ်နေတယ်ပေါ့နော်။ စစ်ရေးအရဆိုတော့ ပြန်ကြည့်ရမယ်ဆိုရင် ရာထူးရာခံတို့၊ စီမံခန့်ခွဲရမယ့် အုပ်ချုပ်ရမယ့် အပိုင်းတွေပေါ့နော်။ အဲဒါတွေက အများကြီး သူတို့ စီမံခန့်ခွဲရလိမ့်မယ်။ ဒါကျတော့ နေသင့်တာ မနေသင့်တာထက်ပေါ့နော်။ နေရမှာကိုလည်း ကျနော်တို့ တကယ်ကိုလိုအပ်တယ်။ နေသင့်တယ်လို့လည်း ကျနော်တို့ယူဆတယ်။ သို့သော်လည်းပဲ ခုန ဘယ်လိုမျိုးနေသင့်လဲဆိုတော့ ကျနော်တို့ ရာထူးရာခံကနေပြီးတော့ စစ်ဦးစီးချုပ် သို့မဟုတ် ကျနော်တို့ ကရင်အမျိုးသားခေါင်းဆောင် အဆင့်ဆင့်ကနေ ရာထူးတွေခွဲဝေပြီး နေကြမယ်ဆိုရင်တော့ ပိုပြီးသင့်လျော်လိမ့်မယ်လို့ ကျနော်ယူဆတယ်။
မေး - နောက်တခုကတော့ လက်ရှိ ကေအန်ယူလက်အောက်ခံမှာ ကေအန်ဒီအိုလည်း ရှိတယ်ပေါ့နော်။ ကေအန်ယူ/ကေအန်အယ်လ်အေလည်း ရှိတယ်ပေါ့နော်။ နှစ်ဖွဲ့တောင်မှ ရှိတယ်ပေါ့နော်။ အကယ်၍သာ ဒီကေအီအေကနေပြီးတော့ ကေအန်ယူပုံစံလို ပြန်လာနေမယ်ဆိုရင်ကော၊ ကေအန်အယ်လ်အေ(ပီစီ) ကနေပြီးတော့ ကေအန်ယူပုံစံလို ပြန်လာနေမယ်ဆိုရင်ကော အဆင်ပြေပါ့မလား။
ဖြေ - ဒါတွေကတော့ ခေါင်းဆောင်တွေရဲ့ ညှိနှိုင်းဆွေးနွေးမှုအပေါ်မှာ ကျနော်တို့ လူထုကတော့ ပေါင်းစည်းတာကိုပဲ လိုအပ်တာ ဖြစ်ပါတယ်။ အဲဒါကို စီမံခန့်ခွဲရမယ့်အပိုင်း၊ နေရာပြန်လည်ချထားရမယ့် အပိုင်းတွေကျတော့ ကျနော်တို့ခေါင်းဆောင်တွေ ညှိနှိုင်းရရင် ပိုကောင်းလိမ့်မယ်။
မေး - ကရင့်လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ ပြန်လည်ပေါင်းစည်းရေးမှာ ဒီကနေ့ ပြုလုပ်ရတဲ့ပွဲမှာပေါ့နော်။ ကျနော်မေးတာမပါဘဲနဲ့ သီးခြား ဘာဖြေကြားချင်တာ ရှိပါသလဲ။
ဖြေ - ကျနော်တို့ ဖြေကြားချင်တာကတော့ တခြား ထူးထူးထွေထွေတော့ မရှိပါဘူး။ တကယ်လို့များ အဲလိုမျိုး ပြန်လည်ပြီးတော့ ပေါင်းစည်းနိုင်မယ်ဆိုရင် ပြည်သူလူထုကတော့ အများကြီးကို ၀မ်းသာဂုဏ်ယူမိမှာပေါ့။ နောက်တခုကျတော့ ကျနော်တို့က ကရင့်လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ကျနော် ဒီကနေပဲ မှာကြားချင်တယ်။ ဒေသခံတယောက် အနေနဲ့ပေါ့နော်။ သူတို့တွေကလည်း သဘောထားကြီးစွာနဲ့ အပြန်အလှန် တိုက်တာခိုက်တာ၊ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း၊ ဥပဒေအရသော်လည်းကောင်း၊ နယ်မြေစိုးမိုးရေးအရသော်လည်းကောင်း၊ ခုန အခွန်ဌာနတို့၊ အကောက်ခွန်ဌာနသော်လည်းကောင်း တိုက်တာခိုက်တာမပြုဘဲ တဘက်နဲ့တဘက် အပြန်အလှန် ဆွေးနွေးပြီးတော့ ကျနော်တို့ ဒီလိုမျိုး နေသင့်ပါတယ်၊ ဒီလိုမျိုး ကျင့်သုံးသင့်ပါတယ်။ လည်ပတ်မှု စနစ်တွေ အကုန်လုံးဟာ ပြန်လည်ညှိနှိုင်း ဆွေးနွေးပြီးတော့ နေရာပြန်လည်ချထားနိုင်ပါစေလို့ပဲ ကျနော်ပြန်လည်ပြီးတော့ မှာကြားစေချင်ပါတယ်။
မေး - ဒါကတော့ ကရင်ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ပေါ့နော်။ မြန်မာနိုင်ငံတခုလုံး အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် တိုင်းရင်းသားတွေက တော်တော်များတယ်ပေါ့နော်။ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားလည်း အများကြီးရှိတယ်ပေါ့နော်။ ကရင်ပြည်နယ်တခုလုံးမကဘဲနဲ့ ကျန်တဲ့ တိုင်းရင်းသားတွေကိုရော ဘာပြောစေချင်လဲ။ ဒီလက်နက်ကိုင် ပေါင်းစည်းရေးပေါ့။
ဖြေ - ကျနော်တို့က လက်နက်ကိုင်ပေါင်းစည်းရေးဆိုတာက ကျန်တဲ့ တိုင်းရင်းသားတွေအားလုံးကလည်း၊ မြန်မာနိုင်ငံထဲမှာနေတဲ့ တိုင်းရင်းသားတွေ အားလုံးကလည်း လက်နက်ကိုင်ချင်း အတူတူပေါ့နော်၊ ပြန်လည်ပေါင်းစည်းပြီးတော့ သူ့အမျိုးသားနဲ့ သူ့မူဝါဒနဲ့ သူ့ယဉ်ကျေးမှုနဲ့ သူ့ကာကွယ်စောင့်ရှောက်မှုနဲ့သူ အကုန်လုံး အပြန်အလှန် ဆွေးနွေးပြီးတော့ ရပ်တည်ကြမယ်ဆိုရင် နိုင်ငံတော်ကြီးက အေးချမ်းသာယာလိမ့်မယ်လို့ ကျနော်ယူဆတယ်။ တိုင်းရင်းသားအားလုံးကိုလည်း မှာစေချင်တယ်။ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကိုလည်း ကျနော်မှာစေချင်တယ်။ ကျနော်တို့မြန်မာနိုင်ငံမှာ စစ်ဖြစ်တဲ့နိုင်ငံဆိုတာ မတိုးတက်ကြပါဘူး။ တကယ်လို့များ ကျနော်တို့ စစ်မဖြစ်ဘဲနဲ့ အပြန်အလှန် နိုင်ငံတော်အစိုးရနဲ့ ဆွေးနွေးပြီးတော့ ဘာတွေလုပ်သင့်သလဲ၊ ဘာတွေဆွေးနွေးသင့်လဲ၊ ဘယ်လိုမျိုး ရပ်တည်သင့်သလဲဆိုတာ ဆွေးနွေးပြီးမှသာလျှင် ပြန်လည်ပူးပေါင်းဆောင်ရွက်ပြီးတော့ နိုင်ငံတော်သစ်တရပ် ထူထောင်မယ်ဆိုရင်တော့ ကျနော်တို့အတွက် ပိုပြီးတော့ အားကောင်းလာမယ်၊ ပိုပြီးတော့ တိုးတက်လာမယ်။ မြန်မာနိုင်ငံကြီးဟာ ပိုပြီးတော့ သာယာလိမ့်မယ်လို့ ကျနော်ယူဆလို့ အားလုံးရဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို မှာကြားချင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ - စောဖိုးစီ
7 years Ago