မန်းရွှေမြို့ကိုဗဟိုထားလို့ ရှေးဟောင်းမြို့ပတ် မိုးပျံရထားလမ်းကွန်ရက်ကို တည်ပါ

A d v e r t i s e m e n t With Us

May 17, 2016

မန်းရွှေမြို့ကိုဗဟိုထားလို့ ရှေးဟောင်းမြို့ပတ် မိုးပျံရထားလမ်းကွန်ရက်ကို တည်ပါ

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က နိုင်ငံခြားခရီးသည်လုပ်ငန်းကို စနစ်တကျလုပ်မယ်၊ ပေါ်လစီတည်ငြိမ်စွာနဲ့ ဦးဆောင်ပြီးတော့ ၀ိုင်းဝန်းလုပ်မယ်ဆိုရင် နိုင်ငံခြားငွေ အများဆုံး ရှာပေးနိုင်ပြီး မတိမ်ကောတဲ့လုပ်ငန်း ဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောတာကို ဒီဗွီဘီရဲ့ မေးမြန်းခန်းကဏ္ဍမှာ ဖတ်လိုက်ရပါတယ်။ ဒါကြောင့် နိုင်ငံခြားသားခရီးသည်တင်မက ပြည်တွင်းခရီးသည်များကို ဆွဲဆောင်နိုင်မယ့် ရှေးမြို့တော်ဟောင်း ခရီးလမ်းကွန်ရက် တည်ဆောက်ရေးစီမံကိန်းနဲ့ ပတ်သက်လို့ စာရေးသူ ဉာဏ်မီသမျှနဲ့ စိတ်ကူးတွေးတောမိတာလေးတွေကို အကြံပြုချက်ဆောင်းပါးအဖြစ် ရေးသားလိုက်ပါတယ်။ ပထမဦးဆုံးပြောလိုတဲ့ အချက်က မြန်မာမင်းတွေရဲ့ နောက်ဆုံးနန်းစိုက်ရာ ရတနာပုံ နေပြည်တော်တည်ရှိရာ မန္တလေးမြို့တ၀ိုက်ဟာ အလွန်ထူးခြားတဲ့ ပထ၀ီဝင်နိုင်ငံရေးအရ အချက်အခြာကျတဲ့ အရပ်ဒေသဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အသည်းနှလုံးနေရာတည့်တည့် အရပ်ဒေသ၊ မြစ်မင်းဧရာဝတီနဲ့ မြစ်မင်းသလ္လာဝတီတို့ဆုံရာ၊ မြစ်သွယ်ဒုဌ၀တီ ဦးခိုက်စီးဝင်ရာ မလှမ်းမကမ်းမှာ အလွန်လှပ ဗျူဟာကျစွာ တည်ရှိနေတာဖြစ်တယ်။ ရေလမ်း၊ ကုန်းလမ်း၊ ဝေဟင်လမ်း အားလုံးရဲ့ အလယ်ဗဟို ဆုံမှတ်လို ဖြစ်နေတာမို့ ဗမာမင်းနဲ့ ရှမ်းမင်း၊ ရှမ်းမြန်မာမင်း အဆက်ဆက်ဟာ အဲ့ဒီနေရာတ၀ိုက်မှာ ကြီးကျယ်ခမ်းနားတဲ့ မင်းနေပြည်တော်မြို့ပြများစွာကို တည်ထောင်ခဲ့ကြတာဖြစ်တယ်။ တရုတ်ပြည်ကနေ အိန္ဒိယ၊ အာရှမိုင်းနားကျွန်းဆွယ် အာရပ်ကမ္ဘာကနေ အာဖရိကဘက်ဆီ ပေါက်ရောက်စေခဲ့တဲ့ နာမည်ကျော် ရှေးဟောင်းပိုးလမ်းမကြီးရဲ့ အစိတ်အပိုင်းတခု ဖြစ်တာကြောင့် ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တွေဟာ အင်္ဂလိပ်နဲ့ မဟာမိတ်တပ်ပေါင်းစုတွေကို ထိုးနှက်ဖို့ မန္တလေးနဲ့ မြန်မာပြည်အလယ်ပိုင်းကဖြတ်လို့ အိန္ဒိယဘက်ကို လီဒိုလမ်းမကြီးအတိုင်း စစ်မျက်နှာဖွင့်ခဲ့တာဖြစ်တယ်။ ဒုတိယအချက်အနေနဲ့ ပြောချင်တာက အားလုံးသိတဲ့ကြအတိုင်း မန္တလေးမြို့နဲ့ အနီးတ၀ိုက်ဟာ နိုင်ငံခြားသား ခရီးသွားတွေ အလွန်အမင်း စိတ်ဝင်စားတဲ့ ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှု အထောက်အထားတွေ အုံနဲ့ကျင်းနဲ့ တည်ရှိနေတဲ့ အရပ်ဖြစ်တယ်။ တချို့ တိုင်းပြည်တွေဆို မရှိမဲ့ရှိမဲ့ မြို့ဟောင်းလေးတမြို့တည်းကို တယုတယ ပိုးမွေးသလိုမွေးပြီး အဲ့ဒါကိုမှီပြီး နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရှာဖွေနေကြတဲ့ အကြောင်းပါ။ နိုင်ငံသက်တမ်း နုနုလေးသာရှိတဲ့ စင်ကာပူလို ကျွန်းနိုင်ငံလေးတောင် သက်တမ်းအားဖြင့် ၁၀၀ ကျော်ကျော်လေးသာရှိတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန် သမိုင်းအမွေအနှစ် အထောက်အထားလေးတွေကို ငွေကုန်ကြေးကျ အမြောက်အမြားခံပြီး တခုတ်တရ ထိန်းသိမ်းစောင့်ရှောက်ထားရုံမက သွားလာကြည့်ရှုဖို့ ချောမွေ့အစဉ်ပြေအောင် စီမံလို့ နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်ပြသနေကြတာပါ။ သတိထားမိတဲ့ စာဖတ်သူတွေလည်း အများအပြား ရှိနိုင်ပေမယ့် သတိမထားမိသူတွေ သတိပြုမိစေချင်တာက မန္တလေးမြို့ကနေ နေ့ချင်းပြန်သွားနိုင်တဲ့ မလှမ်းမကမ်း အနီးတ၀ိုက်ဝန်းကျင်မှာ အောက်ပါရှေးဟောင်းမြို့ကြီး ၉ မြို့ဟာ သပျစ်သီးခိုင်လို အပြွတ်လိုက် တည်ရှိနေတယ် ဆိုတာပါ။ ဒါတောင် ကျောက်ဆည်နယ်ထဲက ဘိန်နက၊ မက္ခရာမြို့ဟောင်းတို့၊ မြစ်သားနယ်ထဲက ပင်လယ်မြို့ဟောင်းတို့ မနီးမဝေး အောက်ပိုင်းက ပုဂံမြို့ဟောင်းတွေကို ထည့်မပြောထားသေးပါဘူး။ (၁) ဟန်လင်း ပျူမြို့ဟောင်း (ဘီစီ ၂ ရာစု ~ အေဒီ ၉ ရာစု)- ကမ္ဘာ့အမွေအနှစ် (၂) တမုတ်မြို့ဟောင်း (အေဒီ ၁၁ ရာစုမှ ၁၄ ရာစု) (၃) မြင်စိုင်းမြို့ဟောင်း (အေဒီ ၁၂၉၇ ~ ၁၃၁၃) (၄) ပင်းယမြို့ဟောင်း (အေဒီ ၁၃၁၃ ~ ၁၃၆၄) (၅) စစ်ကိုင်းမြို့ဟောင်း (အေဒီ ၁၃၁၅ ~ ၁၃၆၄) (၆) အင်းဝမြို့ဟောင်း (အေဒီ ၁၃၆၄ ~ ၁၅၅၅) (၇) ရွှေဘိုမြို့ဟောင်း (အေဒီ ၁၇၅၂ ~ ၁၇၆၀) (၈) အမရပူရမြို့ဟောင်း (အေဒီ ၁၇၈၃ ~ ၁၈၂၁ နှင့် ၁၈၄၂ ~ ၁၈၅၉) (၉) ရတနာပုံမန္တလေးမြို့ဟောင်း (အေဒီ ၁၈၅၉ ~ ၁၈၈၅) ဒါပေမယ့် ၀မ်းနည်းစရာကောင်းတဲ့အချက်က ဒီလို တစုတဝေးတည်း တပြုံတမကြီး တည်ရှိနေတဲ့ အဖိုးတန် မြို့ဟောင်းကြီးတွေကို အလွယ်တကူ အချိန်တိုတိုအတွင်း ထိထိရောက်ရောက် စုံစုံစေ့စေ့ သွားရောက်လည်ပတ် လေ့လာနိုင်ဖို့ အဆင်ပြေစေမယ့် ဆက်သွယ်ရေးကွန်ရက် လမ်းကြောင်းတရပ် ခုထက်ထိ မရှိသေးတာပါပဲ။ စာရေးသူ ကောလိပ် ကျောင်းသားဘ၀ကနေ အခုအချိန်ထိ အကြိမ်အရေအတွက်အားဖြင့် မရေတွက်နိုင်လောက်အောင် မန္တလေးမြို့ပေါ်မှာ လမ်းပျောက်နေတဲ့ နိုင်ငံခြားခရီးသွားတွေ၊ မြန်မာ့ရှေးဟောင်းမြို့တော်တွေအကြောင်း ရေးထားတဲ့ လက်ကမ်းစာစောင်တွေနဲ့ ဘယ်လိုသွားလို့ သွားရမှန်းမသိဘဲ စမ်းတ၀ါးဝါးနဲ့ ဟိုမေးဒီစမ်း လုပ်နေတာတွေ ကြုံခဲ့ တွေ့ခဲ့ရဖူးပါတယ်။ ပွင့်ပွင့်လင်းလင်း ၀န်ခံရမယ်ဆိုရင် မန္တလေးသားလို့ ကိုယ်ကိုယ်ကိုယ် မကြာခဏ ထုတ်ဖော်ကြွားဝါတတ်လေ့ရှိတဲ့ စာရေးသူတောင် အထက်မှာ ရေးပြခဲ့တဲ့ ရှေးမြို့ဟောင်းတွေ အားလုံးကို အစုံအလင် မရောက်ဖူးသေးပါဘူး။ လမ်းပန်းဆက်သွယ်ရေး လွယ်ကူမယ်၊ အချိန်တိုတိုနဲ့ ပေါ့ပေါ့ပါးပါး သွားရောက်နိုင်အောင် ချိတ်ဆက်ပေးထားမယ်ဆိုရင် နိုင်ငံခြားခရီးသည်တင်မက ပြည်တွင်းခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်မှာ အသေအခြာပါပဲ။ ဒီတော့ မန္တလေးကို ဗဟိုထားပြီး ရှေးဟောင်းမြို့တော်ပတ် မိုးပျံရထားလမ်းကို စိတ်ကူးနဲ့ တည်ကြည့်ရအောင်။ မန္တလေးရဲ့ အရပ်ခြောက်မျက်နှာမှာ တည်ရှိနေတဲ့ ရှေးမြို့ဟောင်းကြီး ၉ မြို့ကို ချိတ်ဆက်ဖို့ မန္တလေးဘူတာကြီးကိုပဲ စမှတ်လို့ ထားကြည့်မယ်ဆိုပါစို့။ နေမင်းကြီးက အရှေ့ဘက်က ထွက်တာဆိုတော့ အရှေ့အရပ်ကိုပဲ အရင်ထွက်လိုက်ပြီး အောင်ပင်လယ်ဘေးကနေ မြောက်ပိုင်း ရှမ်းပြည်ဘက်ဆီ အတက်လမ်းဘေးမှာရှိတဲ့ ပထမ ဗမာနိုင်ငံတော် ပုဂံအင်ပါယာပြည့်ရှင် အနော်ရထာနဲ့ ရှမ်းမင်းသမီးလေး  စဝ့်နန်းမွမ်းလ (စောမွန်လ) တို့ရဲ့ ဆွတ်ပျံ့လွမ်းမောဖွယ် ကောင်းလှတဲ့ ဘာသာရေး၊ လူမျိုးရေး၊ တိုင်းရေးပြည်ရာ ဘုန်းတန်ခိုးအာဏာ နန်းတွင်းရေး ပြဿနာတွေကြား ဆန်းကြယ်စွာ ဖြစ်တည်လာတယ်ဆိုကြတဲ့ ရွှေစာရံဘုရားနားမှာ ပထမဘူတာရုံကို တည်လိုက်ရအောင်။ အဲ့ဒီနောက် ဒုဋ္ဌ၀တီမြစ်ကိုဖြတ်ပြီး ရထားလမ်းကို တောင်ဘက်ယွန်းယွန်းဆီ နည်းနည်းဆက်ဖောက်သွားရင် ဇော်ဂျီမြစ်နဲ့ ပန်းလောင်မြစ်နားမှာ မွန်ဂိုတွေရဲ့ အကြိမ်ကြိမ် ကျူးကျော်မှုကောင့် ပုဂံအင်ပါယာကြီး ပျက်သုဉ်းခဲ့တော့ ရှမ်းညီနောင် ၃ ဦးဖြစ်တဲ့ အသင်္ခယာ (မြင်စိုင်းစား)၊ ရာဇသင်္ကြန် (မက္ခရာစား)၊ သီဟသူ (ပင်လယ်စား) တို့ ထီးပြိုင်နန်းပြိုင်ပြုပြီး တည်ထောင်ခဲ့ကြတဲ့ မြင်စိုင်းမြို့ဟောင်းနဲ့ မလှမ်းမကမ်းမှာ တမုတ်မြို့ဟောင်း (အေဒီ ၁၁ ရာစုမှ ၁၄ ရာစု) နားကို ရောက်ပါပြီ။ အဲ့ဒီမှာ ဒုတိယဘူတာရုံ တည်လိုက်ပါ။ ပြီးတာနဲ့ ဒုဋ္ဌ၀တီမြစ်ကြောတလျှောက် ဆက်ဆင်းလာခဲ့ပြီး မြစ်ငယ်ကို ကျော်ပြီးတာနဲ့ တောင်သမန်အင်းလယ်ကို ရထားလမ်း ဖြတ်ဖောက်လိုက်တာနဲ့ မန္တလေးမြို့တောင်ဘက် ၁၁ ကီလိုမီတာအကွာမှာ ကုန်းဘောင်မင်းဆက်က ဘိုးတော်ဘုရားမင်း တည်ခဲ့တယ်ဆိုတဲ့ အမရပူရမြို့ဟောင်း (အေဒီ ၁၇၈၃ ~ ၁၈၂၁ နှင့် ၁၈၄၂ ~ ၁၈၅၉) ကို ရောက်တာမို့ တတိယဘူတာရုံကို တည်နိုင်ပါတယ်။ အဲ့ဒီကနေ အနောက်တောင်ဘက် ဆက်ထွက်လာခဲ့ရင် ဒုဋ္ဌ၀တီလို့လည်း ခေါ်ကြတဲ့ မြစ်ငယ်မြစ်နဲ့ ပန်းလောင်မြစ်တို့ဆုံရာ အရပ်ကို ရောက်ပါတယ်။ အဲ့ဒီအရပ်မှာ ရှမ်းညီနောင်သုံးဦးထဲက အငယ်ဆုံးညီလည်းဖြစ်ပြီး ရှမ်းမင်းတပါးဖြစ်တဲ့ သီဟသူဟာ ပင်းယမြို့ဟောင်း (အေဒီ ၁၃၁၃ ~ ၁၃၆၄) ကို တည်ထောင်ခဲ့ပါတယ်။ စတုတ္ထမြောက် ဘူတာရုံကို အဲ့ဒီမြို့ဟောင်းနေရာမှာ တည်ကြတာပေါ့။ ပင်းယမြို့ဟောင်းကနေ ပြန်ကွေ့ပြီး အထက်ပိုင်းကို မိုင်အနည်းငယ် တက်လိုက်မယ်ဆိုရင် မြစ်ငယ်မြစ်နဲ့ ဧရာဝတီမြစ်ဆုံရာ အရပ်မှာ အင်းဝမြို့ဟောင်း (အေဒီ ၁၃၆၄ ~ ၁၅၅၅) တည်ရှိတယ်။ အဲ့ဒီမြို့ကို တည်ထောင်ခဲ့သူကတော့ ပင်းယမြို့တည်ခဲ့တဲ့ တစီးရှင် သီဟသူရဲ့ မြစ်တော်သလို စစ်ကိုင်းမြို့တည် အသင်္ခရာစောယွန်းရဲ့ မြေးတော်တဲ့ သတိုးမင်းဖျားဖြစ်တယ်။ အင်းဝမြို့ဟောင်းမှာ မြို့ရိုးရာ၊ ကျုံးရာတွေ အထင်အရှား ကျန်သေးသလို လက်ရာမြောက်လှတဲ့ နာမည်ကျော် မယ်နုအုတ်ကျောင်း၊ ဗားကရာကျောင်းတော်လည်း ရှိတယ်။ ပြီးရင် အနီးနားမှာ ရတနာပုံခေတ်လက်ကျန် သပြေတန်းခံတပ်ကိုလည်း ၀င်ကြည့်လို့ရတာမို့ ပဉ္စမမြောက်ဘူတာရုံ တည်ဖို့ သင့်တော်တယ်။ အင်းဝမြို့ဟောင်းက ဆက်ထွက်လာပြီး ဧရာဝတီမြစ်ကို ကူးလိုက်တာနဲ့ သီဟသူ၏ သားတော်အငယ် အသင်္ခရာ စောယွန်း (မြောက်နန်းမိဖုရား၏သားတော်) တည်တော်မူတယ်ဆိုတဲ့ စစ်ကိုင်းမြို့ဟောင်း (အေဒီ ၁၃၁၅ ~ ၁၃၆၄) ကို ရောက်တာပဲ မဟုတ်လား။  အားလုံးသိကြတဲ့အတိုင်း မြစ်မင်းဧရာဘေးက ထုံးဖွေးဖွေးမွမွ မှန်စီရွှေချဘုရားတွေနဲ့ ပနံရလှတဲ့ စစ်ကိုင်းတောင်အလှနဲ့ ကောင်းမှုတော်စေတီ တည်ရှိနေရာ ဇေယျာပူရမြို့လို့လည်း အမည်ရှိတဲ့ စစ်ကိုင်းမြို့ဟောင်းဟာ သဘာဝအလှနဲ့ ရှေးဟောင်းအမွေအနှစ်တွေ အားပါးတရ ရှုစားလိုတဲ့ ခရီးသွားတွေကို လှလှပပ ဆွဲဆောင်နိုင်တာမို့ ဆဋ္ဌမမြောက်ဘူတာရုံကို တည်လိုက်ဖို့ အလွန်သင့်တော်လှပါတယ်။ အဲ့ဒီကနေ မြောက်ဘက်ကို ဆက်တက်လာလို့ မိုင် ၅၀ သာသာလေးအကွာရောက်ရင် ထင်ရှားကျော်ကြားလှတဲ့ တတိယဗမာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ဦးအောင်ဇေယျ ခေါ် အလောင်းမင်းတရားကြီးရဲ့ နန်းစိုက်ရာမြို့တော် ရွှေဘိုမြို့ဟောင်း (အေဒီ ၁၇၅၂ ~ ၁၇၆၀) ကို ရောက်ပါပြီ။ ရန်ကြီးအောင်၊ ကုန်းဘောင်ခ ငါးမည်ရ ပြည်ရွှေဘို မုဆိုးဘို ရန်ပြိုတဲ့ နာသိင်္ဃ (ရတနာသိင်္ဃ) ဘိုးတော်ဒေသဆိုတာ လက်ရှိ မြန်မာနိုင်ငံနယ်နိမိတ်မြေပုံ ပေါ်လာစေတဲ့ ကုန်းဘောင်မင်းဆက် အောင်မြေနင်းခဲ့ရာအရပ် ဖြစ်တယ်။ ရွှေဘိုမှာ ပြန်တည်ဆောက်ထားတဲ့ နန်းတော်ရာ၊ မြို့ဟောင်းရာကျုံးနဲ့ အလောင်းမင်းတရားအုတ်ဂူအပြင် မောဓောမြင်သာ မြို့ထောင့်စေတီတော်၊ ချမ်းသာကြီး၊ ချမ်းသာရဘုရား စတဲ့ နာမည်ကျော် ဘုရားပုထိုးများရှိတာမို့ သတ္တမမြောက်ဘူတာရုံ တည်နိုင်ပါတယ်။ ရွှေဘိုကနေ အရှေ့တောင်ဘက်ကို ထွက်လိုက်မယ်ဆိုရင် ၁၂ မိုင်အကွာလောက်မှာ ၀က်လက်မြို့နယ်ထဲက အလွန်ရှေးကျတဲ့ ဟန်လင်းပျူမြို့ဟောင်း (ဘီစီ ၂ ရာစု ~ အေဒီ ၉ ရာစု) ကို ရောက်ပါတယ်။ နှစ်ပေါင်းသောင်းချီ သက်တမ်းရှိပြီမို့ ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းဖြစ်တဲ့ ယူနက်စကိုကတောင် ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း အသိအမှတ်ပြုပေးထားတဲ့ မြို့ဟောင်းကြီး ဖြစ်ပါတယ်။ တူးဖော်တွေ့ရှိမှု အထောက်အထားတွေအရ ကျောက်ခေတ်ဟောင်းကနေ ကြေးခေတ်၊ သံခေတ်၊ ပျူမြို့ပြနိုင်ငံခေတ်တွေက အသုံးပြုခဲ့တဲ့ သင်္ချိုင်းရာ ၅ ခုကို တူးကွက်အမှတ် ၂၅ / ၂၆ / ၂၈ / ၂၉ / ၃၀ တွေမှာ တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲ့ဒီ သင်္ချိုင်းရာတွေမှာ နှစ်ငါးထောင်ကျော်က ကျောက်ဖြစ်ရုပ်ကြွင်းအဆင့် မရောက်တရောက် ရုပ်အလောင်းတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒါတွေအပြင် ဟန်လင်းမြို့ဟောင်းမှာ ဆေးဘက်ဝင် ရှေးဟောင်း သဘာဝရေပူစမ်းတွင်းတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံအတွက် အလေးအမြတ် ဂုဏ်ယူထိုက်တဲ့ လွန်ခဲ့တဲ့ နှစ်သောင်းချီကတည်းက ကြီးကျယ်ခမ်းနားလှတဲ့ သက်တမ်းရင့် ပျူမြို့ဟောင်း ဟန်လင်းမှာ အဋ္ဌမမြောက်ဘူတာရုံ တည်လိုက်တာဟာ အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ ပြီးရင် ဧရာဝတီမြစ်ရိုးတလျှောက် တောင်ဘက်ကို စုန်ဆင်းလာခဲ့ရင် မင်းဝံတောင်တန်း မန္တလေးတဘက်ကမ်းမှာရှိတဲ့ မင်းကွန်းကို ရောက်ပါလိမ့်မယ်။ အဲ့ဒီအရပ်မှာတော့ ကမ္ဘာကျော် မင်းကွန်းခေါင်းလောင်းကြီး တည်ရှိသလို ကုန်းဘောင်မင်းဆက်က ဘိုးတော်ဘုရားမင်း ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့ရင် ကမ္ဘာမှာ အကြီးဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ပုထိုးတော်ကြီးဘုရားနဲ့ ခြင်္သေ့ရုပ်တုကြီးလည်း ရှိပါတယ်။ အဲ့ဒီအရပ်မှာ န၀မမြောက်ဘူတာရုံ တည်လိုက်ရင် ရတနာပုံ မန္တလေးမြို့ဟောင်း (အေဒီ ၁၈၅၉ ~ ၁၈၈၅) ကို ပြန်ရောက်ဖို့ ဧရာဝတီမြစ်ကို ဖြတ်ကူးလိုက်ရုံပါပဲ။ ဒီအကြံပြုဆောင်းပါးကို နိဂုံးချုပ်ရရင် နိုင်ငံခြားခရီးသည်လုပ်ငန်းနဲ့ ပြည်တွင်းခရီးသွားလုပ်ငန်း ကဏ္ဍတွေကို ပိုမိုဖွံ့ဖြိုးပြီး ကမ္ဘာ့အဆင့်အတန်း မီလာစေဖို့ လိုအပ်ချက်တွေထဲက အရေးကြီးတဲ့ အချက်ဖြစ်တဲ့ ခရီးလမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ဖို့  စီမံဆောင်ရွက်ရာမှာ သမိုင်းအမွေအနှစ်တွေ၊ ရှေးမြို့ဟောင်းကြီးတွေ တည်နေပုံ ပထ၀ီအနေအထားကို သေသေချာချာ တိုင်းထွာလေ့လာပြီး မဟာဗျူဟာကျကျ တည်ဆောက်ဖို့ လိုပါတယ်။ အထက်မှာ ရေးပြခဲ့တဲ့ ရတနာပုံ မန္တလေးမြို့ဟောင်းကို ဗဟိုထားပြီး ရှေးဟောင်းမြို့ပတ် မိုးပျံရထားလမ်းကို နှစ်ပေါင်းရာချီ၊ ထောင်ချီ၊ သောင်းချီက ကြီးကျယ်ခမ်းနား စည်ကားခဲ့ဖူးတဲ့ ရှေးဟောင်းမြို့တော်ကြီး ၉ မြို့ဆီ ချိတ်ဆက်တည်ဆောက်လိုက်မယ်ဆိုရင် နိုင်ငံခြားငွေ၊ ပြည်တွင်းငွေ အမြောက်အမြား ရှာပေးနိုင်ရုံမက အဲ့ဒီမြို့ဟောင်းတွေရဲ့ ၀န်းကျင်ဒေသ အားလုံးလည်း တိုးတက်စည်ပင်လာမှာဖြစ်သလို မှီတင်းနေထိုင်ကြတဲ့ ဒေသခံပြည်သူ သန်းပေါင်းများစွာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးပြီးသားဖြစ်သွားမှာ ဖြစ်ပါကြောင်း လုပ်ပိုင်ခွင့်အာဏာရှိတဲ့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ သတိပြုမိစေဖို့ ရေးသားအကြံပြုလိုက်ပါတယ်။ မင်းကောင်းချစ် မေလ (၁၁) ရက်နေ့၂၀၁၆ ခုနှစ်
5 years Ago
Up