မတ် ၃ ရက် မနက်ပိုင်းက ယှဉ်ပြိုင်သွားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ မန်ချက်စတာယူနိုက်တက်က ၀တ်ဖို့ဒ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပိုင်းမှာ ၀တ်ဖို့ဒ်အသင်းက အခွင့်အရေး ၂ ကြိမ် ရပေမယ့် အသုံးမချနိုင်ခဲ့သလို မန်ယူမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနေတဲ့ လူငယ်ကစားသမား မာကပ်ရပ်ရှ်ဖို့ဒ်လည်း ခြေသိပ်မပေါ်ခဲ့ပါဘူး။
ပထမပိုင်း ၄၅ မိနစ်အထိ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်း မာကပ်က မာရှယ်နဲ့ နေရာပြောင်းကစားခဲ့တဲ့ အချိန်မှာတော့ မန်ယူရဲ့ ကစားပုံက ပိုမို ကောင်းမွန်လာခဲ့ပါတယ်။
ဒုတိယပိုင်း ၈၃ မိနစ်မှာတော့ ဒီပွဲအတွက် မန်ယူအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ မာတာက တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အားထားရတဲ့ တိုက်စစ်မှူးတွေ နာနေပေမယ့်လည်း လူငယ်ကစားသမားတွေကို ထုတ်သုံးပြီး မန်ယူအသင်းက နိုင်ပွဲတွေ ဆက်နေပါတယ်။
ဒီပွဲနိုင်တဲ့အတွက် မန်ယူက ၂၈ ပွဲကစား ၄၇ မှတ်နဲ့ တပွဲလျော့ကစားထားတဲ့ မန်စီးတီးရဲ့ အောက် အမှတ်ပေးဇယား နံပါတ် ၅ နေရာမှာ ရပ်တည်နေပြီး ၀တ်ဖို့ဒ်ကတော့ ၂၈ ပွဲကစား ၃၇ မှတ်နဲ့ ဇယားနံပါတ် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။
6 years Ago