မန်ယူအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့အပေါ် ကျေနပ်ဂုဏ်ယူမိတယ်လို့ ကွင်းလယ်ကစားသမား မိုက်ကယ်ကာရစ်က ပြောကြားလိုက်ပါတယ်။
မန်ယူအသင်းဟာ အသင်းခေါင်းဆောင် ဝိန်းရွန်နီကို ရောင်းချလိုက်တဲ့အတွက် ကာရစ်ကို အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်လိုက်တာပါ။
အသင်းက လူငယ်ကစားသမားတွေကို အသင်းခေါင်းဆောင်တယောက်အနေနဲ့ ဦးဆောင်လမ်းညွှန်ရတာဟာ ကျေနပ်ပျော်ရွှင်စရာ ကောင်းတယ်လို့လည်း ကာရစ်က ဆိုပါတယ်။
မန်ယူအသင်းကို မိမိအသက် ၂၅ နှစ်ကတည်းက ရောက်ရှိခဲ့ကာ ဒီနေ့ဒီအချိန်အထိ ဆက်ကစားပြီး အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ထင်မထားခဲ့ကြောင်းလည်း ကာရစ်က ဆက်ပြောပါတယ်။
အသက် ၃၅ နှစ်ရှိ အင်္ဂလန်ကစားသမား ကာရစ်ဟာ မန်ယူအသင်းနဲ့ တနှစ်သက်တမ်းတိုးစာချုပ် ချုပ်ထားပါတယ်။
ကာရစ်ဟာ လက်ရှိအချိန်အထိ မန်ယူအသင်းအတွက် စုစုပေါင်း ၄၅၉ ပွဲအထိ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရရှိအောင် စွမ်းဆောင်ထားပါတယ်။
6 years Ago