မန်ယူကို သရေကစားပြီး လက်စတာ ချန်ပီယံဖြစ်ရန် ပိုမိုနီးစပ်

May 2, 2016

မန်ယူကို သရေကစားပြီး လက်စတာ ချန်ပီယံဖြစ်ရန် ပိုမိုနီးစပ် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ဇယားထိပ်က လက်စတာစီးတီးအသင်းဟာ မေလ ၁ ရက်နေ့က အိုထရက်ဖို့ဒ်ကွင်းမှာ မန်ယူကို ၁ ဂိုးစီ သရေကစားခဲ့ပြီး ချန်ပီယံဖြစ်ဖို့ အတော်လေး နီးစပ်လာပါတယ်။ မန်ယူအိမ်ကွင်းမှာ ကစားတဲ့ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး ၈ မိနစ်မှာ မန်ယူက အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ထပ် ၁၀ မိနစ်အကြာမှာ လက်စတာ အသင်းခေါင်းဆောင် မော်ဂန်က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ပထမပိုင်း တဂိုးစီသရေကျနေသလို ဒုတိယပိုင်းမှာလည်း အိမ်ရှင်အသင်းက အနိုင်ဂိုးရဖို့ ပိုပြီး ဖိကစားလို့ ပွဲက အကြိတ်အနယ် ရှိခဲ့ပါတယ်။ ၈၆ မိနစ်မှာ လက်စတာအသင်းက ဒန်နီဒရင့်ဝေါ်တား အထုတ်ခံခဲ့လို့ တယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ပထမပိုင်း သရေရလဒ်ကို ဆက်ထိန်း ကစားသွားနိုင်ခဲ့ပါတယ်။ အခုဆိုရင် လက်စတာစီးတီးအသင်းဟာ ချန်ပီယံဖြစ်ဖို့ ၂ မှတ်ပဲလိုပြီး ချန်ပီယံ ဖြစ်လာခဲ့ရင် ဒါဟာ အသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်ဖလား ဖြစ်လာပါလိမ့်မယ်။ မေလ ၂ ရက်နေ့ တော့တင်ဟမ်နဲ့ ချယ်ဆီးတို့ပွဲမှာ တော့တင်ဟမ်က သရေ ဒါမှမဟုတ် ရှုံးခဲ့ရင်တော့ လက်စတာစီးတီးအသင်း ချန်ပီယံဖြစ်လာပါလိမ့်မယ်။ မန်ယူအသင်းကတော့ ဒီပွဲရလဒ်ကြောင့် ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ဖို့ မျှော်လင့်ချက် ပိုခက်ခဲသွားပါတယ်။
6 years Ago
Up