မန်နာဖော့

August 7, 2018

ထရမ့်၏ ရွေးကောက်ပွဲ မဲဆွယ်မန်နေဂျာဟောင်း မန်နာဖော့ ပြစ်မှုကျူးလွန်မှုများ ရှိခဲ့

ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မန်နေဂျာဟောင်း မန်နာဖော့ဟာ ပြစ်မှုကျူးလွန်မှုတွေ ရှိခဲ့တယ်လို့ သူ့ရဲ့ လက်ထောက်ဟောင်းတဦးက တရားရုံးမှာ သြဂုတ် ၆ ရက်နေ့က ထွက်ဆိုလိုက်ပါတယ်။ မန်နာဖော့ရဲ့ လက်ထောက်အဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ ရက်ခ်ဂိတ်စ် (Rick Gates) က သူဟာ မန်နာဖော့နဲ့အတူ ပြစ်မှုတွေကို ကျူးလွန်ခဲ့သလို သူ့ကိုလည်း မန်နာဖော့က ပြစ်မှုကျူးလွန်တဲ့ ကိစ္စတွေကို စေခိုင်းခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုသွားတာပါ။ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အလက်ဇန္ဒြီးယားမြို့က တရားရုံး ငါးရက်မြောက် တရားခွင်မှာ မန်နာဖော့ရဲ့ လက်ထောက်ဟောင်း ရက်ခ်ဂိတ်စ်က မန်နာဖော့ဟာ နိုင်ငံခြားက ရရှိတဲ့ ဝင်ငွေကို အခွန်သက်သာစေဖို့ ချေးငွေအဖြစ် ဖော်ပြဖို့ ညွှန်ကြားခဲ့တယ်လို့လည်း ထွက်ဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆိုက်ပရပ်စ်နိုင်ငံမှာရှိတဲ့ ဘဏ်စာရင်းတွေကိုလည်း ထုတ်ဖော်ခြင်းမပြုဖို့ မန်နာဖော့က ရက်ခ်ဂိတ်စ်ကို ညွှန်ကြားခဲ့တယ်လို့ ထွက်ဆိုခဲ့တာပါ။ ထရမ့်ရဲ့ ရွေးကောက်ပွဲမန်နေဂျာဟောင်းဟာ ဘဏ်စာရင်းလိမ်လည်မှု၊ အခွန်တိမ်းရှောင်မှု၊ နိုင်ငံခြားမှာရှိတဲ့ သူ့ရဲ့ ဘဏ်စာရင်းတွေကို တင်ပြဖို့ ပျက်ကွက်ခဲ့မှုနဲ့ တရားရင်ဆိုင်နေရသူဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

August 1, 2018

ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ် မန်နေဂျာဟောင်း လိမ်လည်ခဲ့ဟု အစိုးရရှေ့နေများ ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်မန်နေဂျာဟောင်း မန်နာဖော့ (Manafort) ဟာ လိမ်လည်ပြောကြားခဲ့ပြီး သူ့ကိုယ်သူ ဥပဒေအထက်မှာ ရှိသူတယောက်အဖြစ် ပြုမူခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ ပြစ်မှု ၁၈ မှုနဲ့ တရားစွဲဆိုခံနေရတဲ့ မန်နာဖော့ကို ပထမဆုံး စစ်ဆေးရာမှာ တရားခွင်မှာရှိတဲ့ အစိုးရရှေ့နေတွေက အဲဒီလိုပြောလိုက်တာပါ။ မန်နာဖော့ဟာ နိုင်ငံ ၃ နိုင်ငံမှာရှိတဲ့ ဘဏ်စာရင်း ၃၀ ကနေ အမေရိကန်ဒေါ်လာ သန်းဆယ်ဂဏန်းရှိတဲ့ ဝင်ငွေတွေကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ မန်နာဖော့ဟာ ဘဏ်စာရင်းနဲ့ပတ်သက်ပြီး လိမ်လည်မှု အပါအဝင် အမှု ၁၈ မှုနဲ့ ရင်ဆိုင်နေရပြီး ပြစ်ဒဏ်ထင်ရှားရင် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရမှာပါ။ ဘဏ်အကောင့် အများကြီးဖွင့်ပြီး အခွန်ရှောင်တိမ်းဖို့ ကြိုးစားခဲ့တဲ့ မန်နာဖော့ဟာ အခွန်ရှောင်ငွေတွေနဲ့ အမေရိကန်ဒေါ်လာ ၂၁ သန်းတန် လက်ပတ်နာရီ အပါအဝင် အိမ်ခြံမြေနဲ့ ကားတွေ ဝယ်ခဲ့တယ်လို့ အမေရိကန်အစိုးရ ရှေ့နေတွေက ပြောကြားထားပါတယ်။
3 years Ago
Up