မန္တလေး-သာစည်ရထားလိုင်း

February 17, 2021

မန္တလေး-သာစည်ရထားလိုင်း စစ်တပ်က ပြေးဆွဲခိုင်းသဖြင့် ပြည်သူများ ရထားလမ်းပိတ်ဆန္ဒပြ

မန္တလေးမြို့က မြန်မာ့မီးရထားဝန်ထမ်းတွေ အားလုံးနီးပါး CDM လုပ်ဆောင်နေပေမယ့် မန္တလေးဘူတာကြီးကနေ ရထားပြေးဆွဲဖို့ စစ်တပ်က အတင်းအကြပ်လုပ်ဆောင်နေတဲ့အတွက် မီးရထားလမ်းတစ်လျှောက်မှာ မန္တလေးမြို့ခံတွေ ပိတ်ဆို့ ဆန္ဒပြနေကြပါတယ်။

မန္တလေး-သာစည် ပြေးဆွဲဖို့ လုပ်ဆောင်နေတာ ဖြစ်ကြောင်းနဲ့ ရထားပေါ်မှာတော့ ခရီးသည် မပါဘဲ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေသာ ပါဝင်တယ်လို့ ရထားဝန်ထမ်းတစ်ဦးက ပြောပါတယ်။ 

ရထားဝန်ထမ်းအနေနဲ့ မီးထိုးနဲ့ ဂတ်ဗိုလ်သာ ပါရှိနိုင်ပြီး အခြားဝန်ထမ်းတွေ မရှိဘူးလို့လည်း သိရပါတယ်။

ရထားထွက်ဖို့ လုပ်ဆောင်နေတဲ့အတွက် နေ့လယ် တစ်နာရီခန့်ကစပြီး မြန်မာ့မီးရထားဝန်ထမ်းတွေနဲ့ ပြည်သူလူထုက မီးရထားလမ်းပေါ်မှာ ပိတ်ဆို့နေကြတာလည်း ဖြစ်ပါတယ်။

မန္တလေး-သာစည် လမ်းကြောင်းတင်မက မန္တလေး-မြစ်ကြီးနား လမ်းကြောင်းကိုလည်းဖိအားပေးပြီး ပြေးဆွဲခိုင်းနေတယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း

10 months Ago
Up