မန္တလေးတိုင်

November 18, 2020

မန္တလေးတိုင်း၌ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲနှင့်ပတ်သက်၍ အမှု ၇၀ ခန့်တိုင်ကြားထား  

မန္တလေးတိုင်းအတွင်း  ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ရဲစခန်းမှာအမှုဖွင့် တိုင်ကြားထားတဲ့ အမှုပေါင်း ၇၀ လောက်နဲ့  ကော်မရှင်အဆင့်ဆင့်ကို တိုင်ကြားထားတာက ၂၀၀ ကျော်ရှိတယ်လို့  မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမှုပေါင်း ဘယ်လောက်ရှိတယ်ဆိုတာနဲ့ ‌ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းထားတာရှိ၊ မရှိဆိုတာကိုတော့ ကြံ့ခိုင်ရေး ပါတီပြောရေးဆိုခွင့်ရှိသူတွေထံ ဆက်သွယ်မေးမြန်းအတည်ပြုလို့မရသေးပါဘူး။ ဒါ့အပြင် ပုံစံ ၁၉ မှာ လက်မှတ်မထိုးဖို့ ညွှန်ကြားထားတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကတော့ သူတို့ ပါတီဘက်က ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ ကန့်ကွက်လွှာ တင်သွင်းထားတာ မရှိသေးဘူးလို့ ပါတီ တာဝန်ရှိသူက ပြောပါတယ်။ ဒါပေမဲ့ ကော်မရှင်ထံတိုင်ကြားထားတာကတော့ ၄ မှု ၊ ၅ မှုလောက်ရှိတယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကလည်း လက်ရှိမှာ အချက်အလက်တွေ စိစစ်နေဆဲဖြစ်တဲ့အတွက် တိုင်ကြားဖို့ရှိ၊ မရှိ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ  အငြင်းပွားမှုတွေ၊  တရားမဲ့ပြုကျင့်မှုတွေကို  ရွေးကောက်ပွဲရလဒ် ကြေညာပြီးနောက် ၄၅ ရက် အတွင်းတိုင်ကြားရမှာဖြစ်ပြီး အခုအချိန်အထိ  တိုင်ကြားစာ တစ်စောင်မှ မရရှိသေးဘူးလို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌ   ဦးလှသိန်းက နိုင်ငံပိုင်သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားထားပါတယ်။ သတင်း-ထက်ဝေအောင်
5 months Ago

November 13, 2020

မန္တလေးတိုင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများကို ငွေကျပ် သိန်း ၁၅၀ လှူဒါန်း

မန္တလေးတိုင်းမှာနေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ကိုဗစ်-၁၉ ကာလအတွင်း အထောက်အကူ ဖြစ်စေဖို့အတွက် မန္တလေးတိုင်းအတွင်းက ရွေးကောက်ခံ နိုင်ငံရေးအကျဉ်းသားဟောင်း လွှတ်တော်ကိုယ်စားလှယ်တွေက စုပေါင်းပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က ကျပ်သိန်း ၁၅၀ လှူဒါန်းခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်း လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မန္တလေးတိုင်း စွမ်းအင်လျှပ်စစ်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်တို့က နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ကိုယ်စားပေးအပ်ခဲ့ရာမှာ ဦးမင်းထက်ငြိမ်းချမ်း၊ ဦးမောင်မောင်ဦး၊ ဦးစံညိမ်းဦး၊ ဦးတင်ကိုဦး၊ ဦးအောင်ဆန်းဝင်းတို့ က လက်ခံရယူခဲ့ပါသည်။ ထောက်ပံ့တဲ့အစီအစဉ်ကို မြို့နယ်အလိုက် မကြာခင်ရက်ပိုင်းအတွင်းဆောင်ရွက်သွားမယ်လို့ အလှူငွေ လက်ခံတဲ့အထဲမှာပါတဲ့ ဦးအောင်ဆန်းဝင်းက ပြောပါတယ်။ မန္တလေးတိုင်းအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၇၅၀ ပတ်ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ နိုင်လင်းဦး  
5 months Ago
Up