မန္တလေး

January 23, 2022

မန္တလေးမြို့ သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက်ရှိ ပြန်လည်ဆောက်လုပ်နေစဲ အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီ ၂၃ ရက် မနက် ၆ နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောက်လုပ်နေစဲ သံလျှက်မှော်အနောက်ရပ်ကွက်ရုံးကို လက်လုပ်ဗုံးနဲ့ ပစ်ပေါက်ခံရပြီး ခေါင်မိုးပေါ်ကျကာ ပေါက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။

ရပ်ကွက်နေပြည်သူတစ်ဦးက “သံအနောက်ရုံးက ဗုံးပေါက်တာ ဘယ်နှခါရှိပြီမှန်းကို မသိဘူး။ ရုံးက ရပ်ထားလိုက် ဆောက်လိုက်နဲ့။ အခုလည်း သံတိုင်တွေ အမိုးတွေမိုးထားပြီး ဘေးအကာတွေမရှိသေးဘူး” လို့ ပြောပါတယ်။

သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ မေလ ၁ ရက်နေ့က မီးလောင်ပျက်စီးခဲ့တာကြောင့် အသစ်ပြန်လည်ဆောက်လုပ်နေတာဖြစ်ပါတယ်။ 

ဒီလို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအသစ်ဆောက်တာနဲ့ ပတ်သက်ပြီး ရပ်တန့်ပေးဖို့ မြို့ပြပြောက်ကျားအဖွဲ့တွေက သတိပေးခဲ့ပေမယ့် ဆက်လက်ဆောက်လုပ်နေတာကြောင့် မကြာခဏ ဗုံးနဲ့ ပစ်ပေါက်ခံနေရတာလို့ သိရပါတယ်။

49 mins Ago

January 22, 2022

မန္တလေးတွင် ကမ္ဘောဇဘဏ်ခွဲ မီးပုလင်းပစ်ခံရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက် ၊ ပြည်ကျော်ဈေး အရှေ့ဘက် ၈၇ လမ်း၊ လမ်း ၃၀ နဲ့ ၃၁ လမ်းကြားရှိ ကမ္ဘောဇဘဏ် ပြည်ကျော်ဈေးဘဏ်ခွဲကို ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီကျော်က  မီးပုလင်းနဲ့ ပစ်ခံခဲ့ရပါတယ်။

မီးပုလင်းပစ်ခံရပေမယ့် အမြန်ဆုံးမီးငြှိမ်းသတ်နိုင်ခဲ့တဲ့အတွက် လူထိခိုက်ဒဏ်ရာရတာနဲ့ အဆောက်အအုံ ထိခိုက်ပျက်စီးတာမရှိဘူးလို့ သိရပါတယ်။

“အဲ့ဒီဘဏ်နားလေးမှာ မီးသတ်ရှိတယ်။ ထိခိုက်ပျက်စီးတာ မရှိဘူး။” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦး က ပြောပါတယ်။

ဒါ့အပြင် ဘဏ်အနီးမှာရှိတဲ့ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးလည်း ဗုံးနဲ့ပစ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ သိရပါတယ်။

ကမ္ဘောဇဘဏ်အနေနဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခိုင်းသမျှလိုက်လျောပြီး KPay အကောင့်တွေ ပိတ်တာနဲ့ပတ်သက်လို့ ကမ္ဘောဇဘဏ်ကို စစ်ကောင်စီဒေါက်တိုင်အဖြစ်သတ်မှတ်ကာ ပြင်းထန်တဲ့ သတိပေးမှုတွေလုပ်သွားမယ်လို့ Ranger of Mandalay အဖွဲ့က ထုတ်ပြန်ထားပါတယ်။

16 hours Ago
More News
Up