မန်စီးတီး၏ ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးလိုက်သည့် လီဗာပူး

January 15, 2018

မန်စီးတီး၏ ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးလိုက်သည့် လီဗာပူး (ရုပ်သံ)

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက ပရိသတ်စိတ်ဝင်စားမှု အရှိဆုံးပွဲစဉ်တခုဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးတို့ မနေ့ညက ယှဉ်ပြိုင်ရာ လီဗာပူးက အိမ်ကွင်းမှာ ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးဟာ အခု ပရီးမီးယားလိဂ်ရာသီမှာ ပထမဆုံးရှုံးပွဲ တွေ့ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။ လီဗာပူးဟာ ဂိုးသမား မစ်ဂ်နိုလက်ကို အနားပေးခဲ့ပြီး ကားရီးယပ်စ်နဲ့ ပွဲထွက်ခဲ့ကာ နောက်တန်းမှာလည်း ဒီရာသီ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ဗန်ဒိုက် မပါဝင်နိုင်ဘဲ ဂိုမက်ဇ်၊ မာတစ်၊ လိုဗရန်၊ ရောဘတ်ဆန်၊ ကွင်းလယ်မှာ ချိန်ဘာလိန်၊ အမ်မရီကန်၊ ဝစ်ခ်ျနယ်လ်ဒန်၊ ရှေ့တန်းမှာ ဆာလက်၊ ဖာမီနို၊ မာနေး စတဲ့ ကစားသမားတွေနဲ့ ၄-၃-၃ ပုံစံ ပွဲထွက်ခဲ့ပါတယ်။ မန်စီးတီးမှာလည်း ဒဏ်ရာရနေတဲ့ လူငယ်တိုက်စစ်မှူး ဂျီးဆပ်စ်နဲ့ အဓိက ကွင်းလယ်ကစားသမား ဆေးလ်ဗားတို့ မပါဝင်နိုင်ဘဲ ဂိုး အီဒါဆန်၊ နောက်တန်း ဝေါ်လ်ကာ၊ စတုန်းစ်၊ အော်တာမန်ဒီ၊ ဒဲလ့်ဖ်၊ အလယ်တန်း ဒီဘရွန်း၊ ဖာနန်ဒင်ဟို၊ ဂန်ဒိုဂန်၊ စတာလင်၊ ဆာနေးနဲ့ တိုက်စစ်မှာ အဂွေရိုကို အထောင်ထားပြီး ပွဲထွက်ခဲ့ပါတယ်။ လီဗာပူးဟာ ဘောလုံးပိုင်ဆိုင်မှုမှာ မန်စီးတီးကို အသာမရခဲ့ပေမယ့် ထိုးဖောက်တိုက်စစ်ဆင် ဂိုးသွင်းယူမှုတွေမှာတော့ အသာရခဲ့ပါတယ်။ အဖွင့်ဂိုးကို လီဗာပူးပဲရခဲ့ပြီး ပွဲအစ ၉ မိနစ်မှာပဲ ချိန်ဘာလိန်က အပြင်းကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၄၀ မှာ ဆာနေးက မန်စီးတီးအတွက် ချေပဂိုးပြန်သွင်းပေးခဲ့လို့ ပထမပိုင်းအပြီးမှာ တဂိုးစီ သရေကျေနပါတယ်။ ဒီနောက် ဒုတိယပိုင်းမှာလည်း အပြန်အလှန်ကစားခဲ့ပြီး လီဗာပူးအတွက် ၅၉ မိနစ်မှာ ဖာမီနို၊ ၆၁ မိနစ်မှာ မာနေးနဲ့ ၆၈ မိနစ်မှာ ဆာလက်တို့က ဂိုးတွေဆက်တိုက်သွင်းယူပြီး ၄ ဂိုး ၁ ဂိုးနဲ့ လီဗာပူးက ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက် ချေပဂိုး နှစ်ဂိုးကို ၈၄ မိနစ်မှာ ဘာနာဒိုဆေးလ်ဗားနဲ့ ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ ဂန်ဒိုဂန်တို့က သွင်းယူခဲ့ပြီး ပွဲအပြီးမှာ လီဗာပူးက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် လီဗာပူးကွင်းလယ်မှာ ခြေစွမ်းပြပြီး အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ချိန်ဘာလိန်ကို ရွေးချယ်ခဲ့ပါတယ်။ မန်စီးတီးဟာ ဒီပွဲရှုံးနိမ့်ခဲ့ပေမယ့်လည်း ရမှတ် ၆၂ မှတ်နဲ့ ဒုတိယနေရာက မန်ယူထက်တပွဲပို ၁၅ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ဆဲဖြစ်ပြီး လီဗာပူးကတော့ ရမှတ် ၄၇ မှတ်နဲ့ တတိယနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
3 years Ago
Up