မန်စီးတီးဂိုးသမား

May 8, 2019

ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုအတွက် အလက်ဆန်နှင့် အီဒါဆန် အပြိုင်ဖြစ်

လီဗာပူးဂိုးသမား အလက်ဆန်နဲ့ မန်စီးတီးဂိုးသမား အီဒါဆန်တို့ဟာ ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုအတွက် နောက်ဆုံးပွဲစဉ်မှာ ပြိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂိုးသမားနှစ်ဦးလုံးက ဂိုးမပေးရတဲ့ပွဲ ၂၀ စီ တူညီနေကြပြီး နောက်ဆုံးပွဲစဉ်က အဆုံးအဖြတ်ဖြစ်လာမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းက နောက်ဆုံးပွဲစဉ်ကို ဘရိုက်တန်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး လီဗာပူးအသင်းကတော့ ဝုဗ်အသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်တွေမှာ ဂိုးသမားနှစ်ဦးလုံး ဂိုးမပေးခဲ့ရဘူးဆိုရင်တော့ ရွှေလက်အိတ်ဆုကို ပူးတွဲရယူသွားရမှာ ဖြစ်ပါတယ်။ အခုနှစ် ပရီးမီးယားလိဂ်မှာ ဂိုးသမားနှစ်ဦးက  ဂိုးမပေးရတဲ့ပွဲ အရေအတွက် ၂၀ နဲ့ အထက်မှာရှိတာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၉ ခုနှစ်က ဗန်ဒါးဆားနဲ့ ပီပီရေနာတို့လည်း ဂိုးမပေးရတဲ့ပွဲ ၂၀ နဲ့အထက်မှာ ရှိခဲ့ဖူးပါတယ်။ ဘရာဇီးဂိုးသမားတွေဖြစ်ကြတဲ့ အလက်ဆန်နဲ့ အီဒါဆန်တို့ရဲ့ နောက်မှာ ချဲလ်ဆီးဂိုးသမား ကီပါနဲ့ အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်တို့က ဂိုးမပေးရတဲ့ပွဲ ၁၄ ပွဲနဲ့ အဆင့် ၃ နေရာမှာ ပူးတွဲရပ်နေပါတယ်။
2 years Ago

August 30, 2018

မန်စီးတီးဂိုးသမား ဘရာဗိုကို ရီးရဲလ်မက်ဒရစ် စာရေးသား အားပေး

ဖနောင့်ကြောဒဏ်ရာကြောင့် ၆ လကြာ အနားယူရတော့မယ့် မန်စီးတီးဂိုးသမား ကလော်ဒီယို ဘရာဗိုကို ရီးရဲလ်မက်ဒရစ်အသင်းက စာတစောင်ပေးပို့ အားပေးခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ ၂ နှစ်ကြာ ကစားခဲ့တဲ့ ဘရာဗိုကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဖွဲ့အစည်းဆိုင်ရာ ဆက်ဆံရေးဌာန ဒါရိုက်တာ အမ်မီလီယိုလက်မှတ်နဲ့ ပေးပို့ခဲ့တာပါ။ စာထဲမှာတော့ ချစ်လှစွာသော ဘရာဗိုလို့ အစချီပြီးတော့ အခုဒဏ်ရာဟာ ကစားသမားတွေအတွက် အဆိုးဆုံးဒဏ်ရာဖြစ်ကြောင်း၊ အခုလို သတင်းကြားရတာ စိတ်မကောင်းကြောင်း၊ ဒဏ်ရာက အမြန်သက်သာစေဖို့ ဆုတောင်းပေးကြောင်း ရေးသားခဲ့တာဖြစ်ပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ဘရာဗိုရဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှု သိပ်ရှိပုံမရဘဲ အီဒါဆင်နဲ့ သူ့ရဲ့အရန်အဖြစ် ၁၉ နှစ်အရွယ် မွန်တီနီဂရိုး ဂိုးသမား အော်ရိုမူရစ်ကို ရွေးချယ်ထားပါတယ်။ ဘရာဗိုဟာ မန်စီးတီးအသင်းအတွက် ၄၄ ပွဲထိ ကစားထားပြီး ဂွါဒီယိုလာ အကြိုက်တွေ့နေတဲ့ ပထမဦးစားပေး ဂိုးသမားလည်း ဖြစ်ပါတယ်။
3 years Ago
Up