မန်စီးတီးက ဆွမ်ဆီးကို ၄ ဂိုးပြတ်ဖြင့် အနိုင်ယူ

December 14, 2017

မန်စီးတီးက ဆွမ်ဆီးကို ၄ ဂိုးပြတ်ဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မန်စီးတီးနဲ့ ဆွမ်ဆီးတို့ ပွဲစဉ်မှာ မန်စီးတီးက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်ပြီး စံချိန်တင် ရလဒ်ကောင်းတွေ ရယူနေတဲ့ မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ရတဲ့အတွက်လည်း ၁၅ ပွဲဆက်တိုက် နိုင်ပွဲရတဲ့စံချိန် ထပ်တင်လိုက်ပါတယ်။ မန်စီးတီးဟာ ဒီပွဲမှာ လူငယ်တိုက်စစ်မှူး ဂျီးဆပ်စ်ကို အနားပေးပြီး အဂွေရိုနဲ့ ပွဲထွက်လာခဲ့ပါတယ်။ မန်စီးတီးအတွက် ပွဲချိန် ၂၇ မိနစ်မှာ ကွင်းလယ်လူ ဆေးလ်ဗားက အဖွင့်ဂိုး သွင်းယူပေးခဲ့သလို ၃၄ မိနစ်မှာ ဒီဘရွန်းက ဒုတိယဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးမှာ မန်စီးတီးက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မန်စီးတီးဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း ချန်ပီယံခြေစွမ်းပြနေတဲ့ အသင်းပီပီ ဆွမ်ဆီးအသင်းကို ဖိအားပေး ကစားနိုင်ပြီး ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အပြတ် အသာစီးယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၂ မိနစ်မှာ ဆေးလ်ဗားကပဲ မန်စီးတီးအတွက် တတိယဂိုး၊ ၈၅ မိနစ်မှာ တိုက်စစ်မှူး အဂွေရိုက စတုတ္ထဂိုး သွင်းယူပြီး ပွဲအပြီးမှာ မန်စီးတီးက ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားတာပါ။ ဒီပွဲမှာ မန်စီးတီးအတွက် ၂ ဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဆေးလ်ဗားကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ မန်စီးတီးက ရမှတ် ၄၉ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ပြီး ဆွမ်ဆီးကတော့ ၁၂ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
4 years Ago
Up