မနီလာလေဆိပ်

A d v e r t i s e m e n t With Us

March 31, 2020

ဆေးဘက်လေယာဉ်တစီး မနီလာလေဆိပ်ကအတက်ပေါက်ကွဲပြီး ၈ ဦးသေဆုံး

ဆေးဘက် ကယ်ဆယ်ရေး လေယာဉ်တစီးဟာ ဖိလစ်ပိုင်မြို့တော် မနီလာလေဆိပ်ကနေ မတ်လ ၂၉ရက်က ပျံတက်နေတုန်း ပေါက်ကွဲခဲ့လို့ လေယာဉ်ပေါ်ပါတဲ့ ခရီးသည်နဲ့လေယာဉ်အမှုထမ်း ၈ ယောက်စလုံး သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။  ဖိလစ်ပိုင်မှာ မှတ်ပုံတင်ထားတဲ့ လိုင်းယန်းအဲလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ဂျပန်နိုင်ငံ ဟာ့နဲဒါလေဆိပ်ကို သွားဖို့ ပျံတက်ခဲ့တာပါ။  ဒါပေမယ့် ဒေသစံတော်ချိန် ည ၈ နာရီမှာ လေယာဉ်ပြေးလမ်းကနေ အရှိန်ယူ ပျံတက်ဖို့ မောင်းနှင်ရာမှာ ပြေးလမ်းအဆုံးမှာပဲ ပေါက်ကွဲမီးလောင်သွားခဲ့တယ်လို့ မနီလာ အပြည်ပြည်ဆိုင်ရာလေဆိပ်အာဏာပိုင်အဖွဲ့ (MIAA)က ပြောပါတယ်။  အင်ဂျင် ၂ လုံးတပ် West Wind 24 လေယာဉ်ဟာ ဆေးဘက်အရာရှိ ၃ယောက် လေယာဉ်အမှုထမ်း ၃ ယောက်နဲ့ လူနာတယောက် သူ့အဖော် တယောက် တို့ကို တင်ဆောင်ပျံတက်ချိန် ခုလို ပေါက်ကွဲ မီးလောင်တာလို့ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်နဲ့ ဖိလစ်ပိုင်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ရစ်ချတ် ဂေါ်ဒွန် က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။ ဖိလစ်ပိုင်အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က ခုလိုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ (MIAA) က ပြောပါတယ်။ လေယာဉ်ပြေးလမ်းကို ယာယီပိတ်ထားခဲ့လို့ ကိုရီးယားလေကြောင်းလိုင်းကို ဖိလစ်ပိုင် မြောက်ပိုင်းက ကလာ့ခ်လေဆိပ်ဆီ လွှဲပြောင်း ဆင်းသက်နိုင်ရေး စီစဉ်ပေးခဲ့ရတယ်လို့ (MIAA) ရဲ့ အထွေထွေ မန်နေဂျာက ပြောပါတယ်။  သန်းခေါင်ကျော် ၂ နာရီ လောက်မှာ လေယာဉ်ပြေးလမ်းကို ပြန်ဖွင့်နိုင်ခဲ့တယ်လို့လည်း သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  လေယာဉ်ပျက်ကျတဲ့အထဲ ကနေဒါနဲ့ အမေရိကန် နိုင်ငံသားတွေ ပါတယ်လို့ ကနေဒါ အစိုးရက အတည်ပြုပါတယ်။ ကျန် သေဆုံးသူ ၆ ဦးကတော့ ဖိလစ်ပိုင် နိုင်ငံသားတွေ ဖြစ်ပါတယ်။
11 months Ago
Up