မနိုင်မနင်းဖြစ်လာနိုင်

December 16, 2020

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဆက်များနေပါက မနိုင်မနင်းဖြစ်လာနိုင်ဟု ကျန်းမာရေးဝန်ကြီးပြော

ကိုဗစ်-၁၉ ရောဂါကူးစက်တာ ဆက်များနေမယ်ဆိုရင် မနိုင်မနင်းဖြစ်လာတော့မယ်လို့ ကျန်းမာရေးနဲ့ အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ မနေ့ကလုပ်တဲ့  ရန်ကုန်တိုင်းထဲက ကိုဗစ်ကုသရေးဌာန ၁၄ ခုရဲ့ စီမံခန့်ခွဲအုပ်ချုပ်မှု တာဝန်ခံ ဆရာဝန်ကြီးတွေရဲ့ Video conferencing စနစ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောလိုက်တာပါ။ ဝန်ကြီး ဒေါက်တာမြင့်ထွေးက သူ့အနေနဲ့ ဒီအစည်းအဝေးကနေ ပြည်သူတွေကို ပြောချင်တာက နိုင်ငံလူဦးရေနဲ့ ယှဉ်မယ်ဆိုရင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှာရှိတဲ့ နည်းပါးတဲ့ ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဆိုင်ရာဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အထောက်အကူပြု ပညာရှင်တွေဟာ ဝန်နဲ့အားမမျှဘဲ နေ့မအား၊ ညမနားဆောင်ရွက်နေရတဲ့အချက်၊ ကိုဗစ်-၁၉ ကူးစက်တာတွေ ဆက်လက်များပြားနေရင် မနိုင်မနင်းဖြစ်လာမယ့်အချက်နဲ့ အခုလို ဆောင်ရွက်နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ငဲ့ညှာသောအားဖြင့် ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းတွေကို အလေးထား လိုက်နာပေးကြဖို့ ဆိုတဲ့ အချက်တို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ လူဦးရေ ၁ သန်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ  ၁၉၇၁ ယောက်ရှိပြီး ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း ၂၃၀ မှာ ၁၄၁ နိုင်ငံမြောက်၊ ဓာတ်ခွဲအတည်ပြု လူနာကတော့ ၆၈ နိုင်ငံမြောက်၊ နိုင်ငံလူဦးရေ ၁ သန်းမှာ ကိုဗစ်-၁၉ လူနာ သေဆုံးသူက ၁၂၉ နိုင်ငံမြောက်ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ လူဦးရေ အချိုးအစားနဲ့ မတွက်ချက်ဘဲ ကိန်းဂဏန်းအနည်းအများနဲ့ ဆန်းစစ်ရင်တော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း ၂၃၀ မှာ ၅၇ နိုင်ငံမြောက် ဖြစ်ပြီး ကိုဗစ်-၁၉ လူနာတွေထဲက သေဆုံးရာခိုင်နှုန်းကတော့ ၂ ဒသမ ၁ ရှိတာကြောင့် ၇၂ နိုင်ငံမြောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ မိမိပတ်ဝန်းကျင်မှာ အထူးသဖြင့် ဈေးတွေ၊ စက်ရုံ အလုပ်ရုံတွေမှာ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းမလိုက်သူတွေကို အချင်းချင်း အသိပေး သတိပေးတာတွေ လုပ်ကြစေလိုပြီး လိုက်နာတာ အားနည်းလို့ ရောဂါဖြစ်နှုန်းများလာရင် လိုအပ်မယ့် စည်းကမ်းတချို့ကို ထပ်ပြီး ချမှတ်ရမယ်လို့ ပြောပါတယ်။ ကိုဗစ် ကုသရေးဌာန တာဝန်ခံဆရာဝန်ကြီးတွေကလည်း အလှူရှင်တွေလှူဒါန်းထားတဲ့ လူနာတွေအတွက် တကိုယ်ရေသုံး အသုံးအဆောင်ပစ္စည်းတွေ နည်းပါးလာတာ၊ စေတနာ့ ဝန်ထမ်းတွေ နည်းလာတာ၊ ကုသရေးဌာနတွေရဲ့ အဆောက်အဦ၊ ရေ၊ လျှပ်စစ်မီးဆိုင်ရာ ပြုပြင်ထိန်းသိမ်းဖို့ အင်ဂျင်နီယာနဲ့ ကျွမ်းကျင်ပညာရှင်တွေလိုအပ်နေတာ၊ ကုသရေးဌာနတွေအတွက် လုံခြုံရေးပိုင်းဆိုင်ရာ လိုအပ်ချက် စတာတွေ တင်ပြခဲ့ပါတယ်။ ပြီးတော့ ပိုးတွေ့လူနာတွေကို ဆေးရုံ၊ ကုသရေးဌာနမှာ ရက် အတိုင်းအတာတခုအထိထားပြီး သူတို့ရဲ့ ရောဂါအခြေအနေ အသက်အရွယ်၊ ရောဂါအခံရှိ၊ မရှိ အခြေအနေ၊ နေအိမ်အခြေအနေ၊ အတူနေမိသားစုအရေအတွက် အနည်းအများ၊ သီးခြားအခန်းမှာ ခွဲနေနိုင်တာ စတာတွေကို မူတည်ပြီး အိမ်မှာပဲ ဆက်လက် သီးခြားထားတာလုပ်သွားဖို့၊ သူတို့ကို Video call စနစ်နဲ့ ပုံမှန် ဆက်သွယ်ပြီး ရောဂါအခြေအနေ စောင့်ကြပ်ကြည့်ရှုသွားဖို့ စတာတွေအကြံပြုခဲ့ပါတယ်။ ဒီအတွက်ကိုတော့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာန၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ပါမောက္ခဆရာဝန်ကြီးတွေ ပူးပေါင်းဆွေးနွေးပြီး ကနဦး ရှေ့ပြေးစမ်းသပ်တဲ့ ပုံစံနဲ့ စတင်ဆောင်ရွက်သွားစေလိုတယ်လို့ ဝန်ကြီးက ပြောပါတယ်။ ဓာတ်ပုံ- MOHS
4 months Ago
Up