မတ္တရာမြို့နယ်

March 15, 2023

မတ္တရာမြို့နယ် လ.ဝ.က ဒု-ဦးစီးမှူး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာနေ စစ်ကောင်စီလက်အောက်ခံ မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးရုံးက ဒု-ဦးစီးမှူး ကျော်နိုင်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

မတ်လ ၁၄ ရက် မနက် ၁၀ နာရီလောက်က အသက် ၄၇ နှစ်အရွယ်ရှိ မတ္တရာမြို့နယ် လ.ဝ.က ဒု-ဦးစီးမှူး ကျော်နိုင်ဦး ဆိုသူ ရုံးတက်ဖို့ လွန်တောင်းရွာကနေ မတ္တရာဘက်အသွား ဘုရားဖြူကျေးရွာအနီး ဝရင်းတုတ်တံတားထိပ်မှာ သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခံလိုက်ရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံ အမည်မဖော်လိုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးဒေသတွင်း မီဒီယာဖြစ်တဲ့ Voice Of Mandalay က “မတ္တရာမှ လ.ဝ.က ဦးစီး ပျူစည်းရုံးရေးနဲ့ ပျူထောက်ပို့လုပ်နေသူ ကျော်နိုင်ဦးဆိုသူ မနက် ၁၀ နာရီခန့်က ဝရင်းတုတ် တံတား အနောက်ထိပ်တွင် ခေါင်းကို သေနတ်ဖြင့် သုံးချက်အပစ်ခံရပြီး သေဆုံးသွားပါတယ်။ ကျော်နိုင်ဦး ဆိုသူဟာ ကိုယ်ခံပညာတတ်ပြီး ၎င်းထံမှ သွေးစွန်းထားတဲ့ဓားနဲ့ စာရင်းစာရွက်များ တွေ့ရှိတယ်” လို့ ဖော်ပြပါတယ်။

မတ္တရာမြို့နယ် လ.ဝ.က ဒု-ဦးစီးမှူး ကျော်နိုင်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ် ဆိုတာနဲ့ ကျန်တဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မတ် ၉ ရက် ညပိုင်းအချိန်ကလည်း မတ္တရာမြိုနယ်၊ တံတားကုန်းကျေးရွာအတွင်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာထိပ်မှာ သတ်ဖြတ်ခဲ့ပါတယ်။

2 weeks Ago

December 2, 2022

မတ္တရာမြို့နယ်တွင် စစ်ကောင်စီထောက်ပို့ ထော်လာဂျီယာဉ်ကို တော်လှန်ရေးအဖွဲ့ကဖမ်းဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြောင်းဦးရွာနဲ့ ကျပ်ပြင်ရွာကြား ငုတ်ပြွန်အနီးမှာ နိုဝင်ဘာ ၃၀ ရက် မနက် ၇ နာရီလောက်က  စစ်ကောင်စီစစ်ကြောင်းရဲ့ ထောက်ပို့ ထော်လာဂျီ  တစီးကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

စစ်ကောင်စီစစ်ကြောင်း ထောက်ပို့ ထော်လာဂျီကို ရွာသားတဦးက မောင်းနှင်လာတာဖြစ်ပြီး နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့က ကြားဖြတ်ဖမ်းဆီးခဲ့တာမှာ ထော်လာဂျီပေါ်ကနေ ကျည်ဆန်တွေ၊ စစ်ကောင်စီတပ်သားတွေရဲ့ မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်နဲ့ ပြည်သူတွေထံက ယူဆောင်လာတဲ့ပစ္စည်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ ရွာတွေမှာ တပ်စွဲပြီး ပြည်သူတွေရဲ့ နေအိမ်အတွင်းက ပစ္စည်းတွေကို ယူဆောင်တာနဲ့ နေအိမ်တချို့ကို မီးရှို့တာတွေ လုပ်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီကျော်ကလည်း မြောင်းသစ် တံတားနက်ပေါ်သို့ တက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၅ စီးကို နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့က ပဒေသာမိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

4 months Ago
More News
Up