မတ္တရာမြို့

November 13, 2021

မတ္တရာမြို့နယ်၌ အမျိုးသား ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ရိုက်သတ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ  အမျိုးသားတယောက်ကို  စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး မိသားစုကို  ငွေကျပ် ၂ သိန်း  အကူငွေလာပေးတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၈ ရက်၊ နေ့လယ်ပိုင်းက ဒလန်က လမ်းပြခေါ်ဆောင်လာတဲ့ မတ္တရာရဲစခန်းက ရဲတွေဟာ အမှတ် ၅ ဘုရင့်နောင် တောင်ရပ်ကွက်က ကိုချစ်ဆန်းမောင်ရဲ့ အိမ်ကို ရောက်လာတယ်လို့ ဆိုပါတယ်။

“ရဲ ၁၅ ယောက်ကျော်မယ်။ စစ်ဆေးစရာရှိတယ်ဆိုပြီး လာဖမ်းတာ။ အနီးအနားအိမ်တွေက ဒီကလေးဟာ နိုင်ငံရေးနဲ့လည်း မပတ်သက်ပါဘူး။ သပိတ်နဲ့လည်း မပတ်သက်ပါဘူး၊ အေးအေးဆေးဆေးနေတာပဲလို့ ဝိုင်းပြောကြလို့ ပြန်သွားကြတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါပေမဲ့ ရဲတွေဟာ နောက်တကြိမ်ပြန်လာပြီး ကိုချစ်ဆန်းမောင်ရဲ့ အိမ်ဝင်းကို သေနတ်ပစ်ဖောက် အကြမ်းဖက်ဝင်ရောက်လာပြီး ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

“အိပ်နေတာကို အတင်းဝင်ဖမ်းတယ်။ ပြီးတော့ လက်ပြန်ကြိုးတုပ်ပြီး လမ်းတလျှောက်ရိုက်သွားတယ်။ ရိုက်တာက ဒု တပ်ကြပ်ကျော်မင်းနိုင်။ သင်္ချိုင်းကိုခေါ်သွားပြီး အုတ်ဂူမှာ မှောက်ခိုင်းပြီး ထပ်ရိုက်တယ်။ ပြီးတော့ ဆိုင်ကယ်နဲ့ တင်ပြီး ရဲစခန်းကိုခေါ်သွားတယ်။ နောက်နေ့မနက်မှာ မိသားစုတွေ ရဲစခန်းလိုက်သွားတော့ ပထမ စောင့်ခိုင်းထားတယ်။ နောက်မှ ဆုံးသွားပြီဆိုပြီး ရင်ခွဲရုံကို လိုက်ခိုင်းတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

အလောင်းထုတ်ဖို့ ဆေးစာမှာ ဇနီးဖြစ်သူက လက်မှတ်ထိုးရပြီး ဆေးလွန်သေဆုံးတယ်လို့ ရေးထားကြောင်းလည်း မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“မနေ့က စခန်းက တာဝန်ရှိသူက သူ့မိန်းမ နုနုလွင်ကို ခေါ်ပြီး ငွေ ၂ သိန်းပေးတယ်။ ကူတာပါ လို့ပြောတယ်။ ပြီးတော့ သူရှိရင် ဒီလိုမဖြစ်ပါဘူးလို့လည်း ပြောတယ်” လို့ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

သေဆုံးသူ ကိုချစ်ဆန်းမောင်မှာ ၄ နှစ်ခွဲအရွယ် သမီးတယောက်လည်း ကျန်ခဲ့ပါတယ်။ အဲဒီနေ့က ဘုရင့်နောင်ရပ်ကွက်ထဲက နောက်ထပ် ပြည်သူ  ၈ ယောက်ကိုလည်း ရဲက ဖမ်းဆီးသွားပြီး မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

2 months Ago

မတ္တရာမြို့၌ CDM ကျောင်းဆရာနှင့် ဆရာမ ဇနီးမောင်နှံကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့၊ အမှတ် (၂) ရပ်ကွက်မှာ နေထိုင်တဲ့ CDM ကျောင်းဆရာ၊ ဆရာမ ဇနီးမောင်နှံကို   နိုဝင်ဘာ ၁၂ ရက် ည ၁၂ နာရီလောက်မှာ စစ်တပ်က  အင်အားအလုံးအရင်းနဲ့ ဝင်ရောက် ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အ.ထ.က စလွန်ဖြူမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ (အထက်တန်းပြ)ဆရာ ဦးငြိမ်းသူအောင်နဲ့ သူ့ရဲ့ဇနီး အထက မြို့သစ်ကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ ဒေါ်မေသူအေး တို့ ဖြစ်ပါတယ်။

သူတို့ရဲ့နေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက် လာကာ ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်ပြီး  ၇ နှစ်အရွယ် သားလေးကိုတော့ သူ့အဘိုး အဘွားတွေနဲ့ ထားခဲ့ရတယ်လို့ သိရပါတယ်။

ဘဝတူ CDM တွေနဲ့ ဆွေမျိုးသားချင်း မိဘဘိုးဘွားတွေကတော့ ဆရာနဲ့ ဆရာမတို့နှစ်ယောက်ရဲ့ အသက်အန္တရာယ်ကို တစုံတရာဖြစ်မှာ စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ်မှာ အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀၂ ကျောင်းရှိပြီး၊ ပညာရေးဝန်ထမ်း ၂၃၀၀ ကျော်ရှိကာ CDM ပြုလုပ်သူ ဆရာ၊ ဆရာမ ၁၂၀၀ ကျော်ရှိတယ်လို့ သိရပြီး စစ်ကောင်စီက ဖမ်းဆီးတာခံခဲ့ရသူ ၈ ဦးရှိပါတယ်။

2 months Ago

November 12, 2021

မတ္တရာမြို့ မြို့ဝင်စစ်ဆေးရေးဂိတ် မိုင်းခွဲ တိုက်ခိုက်ခံရ

မန္တလေးတိုင်း မတ္တရာမြို့မှာ နိုဝင်ဘာ ၁၂ ရက် မနက် ၉ နာရီလောက်က မန္တလေး-မိုးကုတ် လမ်းပေါ်က မတ္တရာမြို့အဝင် (ဒင်္ဂါးချောင်း) စစ်ဆေးရေးဂိတ် မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အသံကတော့ တော်တော်ပြင်းတယ်။ ငါးမိုင်အဝေးကကို ကြားရတယ်။ စစ်ဆေးရေးဂိတ် မိုင်းခွဲ တိုက်ခိုက်ခံရတာလို့ ပြောတယ်။ အခု စစ်ကောင်စီတပ်တွေ ရောက်နေတော့ ဘယ်သူမှ အသွားအလာ အဝင်အထွက်လုပ်တာ မတွေ့ရတော့ဘူး။ ထိခိုက်သေဆုံးမှု များလောက်တယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်တာကို ဘယ်အဖွဲ့က လုပ်တယ်လို့ ထုတ်ပြန်ထားတာ မတွေ့ရပေမဲ့ တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေအစောင့်ရဲ ၃ ဦး ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး လတ်တလော စစ်ကောင်စီက မန္တလေး-မိုးကုတ်လမ်းမကြီးအပါအဝင် မြို့အဝင်အထွက်လမ်းတွေ အားလုံး ပိတ်ဆို့ကာ ပိုက်စိပ်တိုက်ရှာဖွေနေတယ်လို့ သိရပါတယ်။

Photo- မိုင်းကွဲရာ မြို့အဝင်အထွက်ဆိုင်းဘုတ်။

2 months Ago
More News
Up