‘မတထောင် တကောင်ဘွား’

May 15, 2018

မင်းသိင်္ခ ဝတ္ထုကို ပုံဖော်ထားသည့် ‘မတထောင် တကောင်ဘွား’ ရုပ်ရှင်(နမူနာ)

    ‘မတထောင် တကောင်ဘွား’လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက သိကြပြီး ဖြစ်မှာပါ။ ဒီဝတ္ထုဟာ နာမည်ကြီးစာရေးဆရာ မင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင် ဝတ္ထုတွေထဲက တပုဒ် ဖြစ်ပြီး လက်ရှိမှာတော့ ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးခဲ့ပြီ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အမျိုးသားသရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ရဲအောင်၊ အောင်ရဲလင်း တို့နဲ့အတူ အမျိုးသမီးသရုပ်ဆောင် ခိုင်သင်းကြည်နဲ့ သင်ဇာဝင့်ကျော်တို့က ခေါင်းဆောင်ပါဝင်ထားကြတာပါ။ ဒီကားဟာလည်း မထွက်ခင်တည်းက ပရိသတ်တွေကြားမှာ လူပြောများနေတာ ဖြစ်ပြီး မေလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်လိုက်တဲ့ ဒီကားကိုတော့ နေစိုးသော်က ဇာတ်ညွှန်းခွဲပြီး ဒါရိုက်တာ ခင်စောမျိုးက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါဟာ ကိုလိုနီခေတ်နောက်ခံ ဝတ္ထုတပုဒ်ဖြစ်ပြီး အမျိုးသမီးတယောက် အိမ်ထောင်ပြု မှားရာကနေ ရောင်းစားခံ၊ အနိုင်ကျင့်ခံရာကနေ ပေါက်ဖွားလာတဲ့ မတထောင် တကောင်ဘွား၊ အာဏာရှိ ဖိနှိပ်သူတို့ရဲ့ မတရားမှုကို ဥပဒေပြင်ပဖြေရှင်းမှုက ဖိနှိပ်ခံသူတွေရဲ့ အမှန်တရားလို့ ခံယူထားတဲ့ နတ်ဆေးနဲ့ လျှို့ဝှက်လူသတ်မှုတွေကို အကွက်ကျကျ မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်တဲ့ အမှန်တရားဘက်တော်သားဖြစ်တဲ့ မင်းသိင်္ခရဲ့ ပင်တိုင်ဇာတ်ကောင် ဆားပုလင်းနှင်းမောင်တို့ ကြားက ဇာတ်လမ်းဇာတ်ကွက်တွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။
4 years Ago

May 14, 2018

တဖက်နိုင်ငံက ပြန်ဝင်သူများ ရိုဟင်ဂျာအမည် ဖြည့်စွက်ရေးရပါက အသိအမှတ်ပြုမည် မဟုတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာမယ့်သူတွေဟာ ပုံစံဖြည့်တဲ့နေရာမှာ မြန်မာနိုင်ငံက အသိအမှတ်မပြုထားတဲ့ လူမျိုးနာမည် အမည်ကို ဖြည့်စွက်ရေးလာမယ် ဆိုရင်တော့ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ တောင်ပြိုလက်ဝဲ လ.ဝ.က ဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။ ပြန်လည်ဝင်ရောက်လာမယ့်သူတွေက မြန်မာနိုင်ငံက အသိအမှတ်မပြုထားတဲ့ လူမျိုး၊ နာမည်အမည်ကို ပုံစံစာရွက်မှာ ဖြည့်လာမယ်ဆိုရင်တော့ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း ညွှန်ကြားရေးမှူး ဦးကိုကိုသော်က ပြောပါတယ်။ “ကျနော်တို့ အသိအမှတ်မပြုထားတဲ့ လူမျိုးနာမည်တို့ကို ရေးလာမယ်ဆိုရင်တော့ ကျနော်တို့ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ပေးတဲ့အချက်အလက်က ဖြည့်ဖို့အချက်က သူ့မှာ တာဝန်ရှိပါတယ်။ ဥပမာ- နိုင်ငံသားကတ်လျှောက်ရင် ကာယကံရှင်ရဲ့ သူ့အဖေ အမေတွေ အကြောင်းအရာတွေ ဖြည့်စွက်ရမယ်။ သူ့ရဲ့မွေးသက္ကရာဇ်၊ ကျနော်တို့က ဘယ်သိနိုင်မလဲ၊ ကာယကံရှင်မှာသာ သူ့မှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အသိအမှတ်မပြုထားတဲ့ လူမျိုးဖြည့်မယ် ဆိုရင်တော့ ကျနော်တို့ ဒီလူမျိုးကို ယူချင်မှယူမှာပေါ့”လို့ ပြောပါတယ်။ ရခိုင်ပြည်နယ် မောင်တော-တောင်ပြိုလက်ဝဲ ကုန်လမ်းကြောင်း ပြန်လည်လက်ခံရေး စခန်းနဲ့ ငါးခူးရရေလမ်းကြောင်း ပြန်လည်လက်ခံရေးစခန်းတို့မှာ တဖက်နိုင်ငံက တရားဝင် ပြန်လည်ဝင်လာသူ လက်ခံဖို့ အဆင်သင့်ဖြစ်နေပေမယ့် ယနေ့အချိန်အထိ မိသားစု ၅ ဦးသာ ရှိသေးတယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနက ပြောပါတယ်။ သူတို့ မိသားစုဝင် ၅ ဦးဟာ တောင်ပြိုလက်ဝဲ ကုန်းလမ်းကြောင်း ပြန်လည်လက်ခံရေး စခန်းက တရားဝင် ပြန်လည်ဝင်ရောက်လာတာဖြစ်ပြီး သူတို့တွေကို အန်ဗီစီကတ် ထုတ်ပေးလိုက်ပြီး ဖြစ်ပါတယ်။ ရေလမ်းကြောင်းက ဝင်လာမယ့် တဖက် ဘင်္ဂလားဒေ့ရှ်က သူတွေကို လက်ခံမယ့် နေရာတခုဖြစ်တဲ့ ငါးခူရစခန်းမှာတော့ လက်ခံရေးကိစ္စတွေ အပါအဝင် ဆေးပေးခန်းတွေ၊ သားဖွားခန်းတွေက အစ အဆင်သင့်ဖြစ်နေပေမယ့် ဒီကနေ့ အချိန်အထိတော့ ပြန်လည် ဝင်ရောက်လာမယ့်သူ တဦး တယောက်မှ မရှိသေးပါဘူး။ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားပြီး တရားမဝင်လမ်းကြောင်းကနေ ပြန်လည်ခိုးဝင်သူ တချို့ ရှိခဲ့တာကြောင့်သူတို့ကို လ.ဝ.က အက်ဥပဒေအတိုင်း အရေးသွားမယ်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောပါတယ်။ တဖက်နိုင်ငံက ပြန်လည်ဝင်ရောက်မယ့်သူတွေကို တောင်ပြိုလက်ဝဲ ကုန်းလမ်းကြောင်း ပြန်လည်လက်ခံရေးစခန်းနဲ့ ငါးခူးရရေလမ်းကြောင်း ပြန်လည်လက်ခံရေးတိုမှာ စိစစ်ပြီးတော့ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေး ကြားစခန်းမှာ ခေတ္တယာယီ နေရာချထားပေးမှာ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် ကျေးရွာတွေမှာ နေအိမ်တွေ ဆောက်လုပ်ပြီး ပြန်လည်နေရာချထားမှာ ဖြစ်ပါတယ်။ သတင်း - ဝဏ္ဏခွာညို
4 years Ago
Up