မတရားသင်း

August 3, 2021

အိမ်စောင့်အစိုးရအဖွဲ့အား မတရားအသင်းအဖြစ် NUG ကြေညာ

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့ အိမ်စောင့်အစိုးရအဖွဲ့ကို မတရားအသင်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တရားရေးဝန်ကြီးဌာနက  ဩဂုတ်လ ၂  နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ  အိမ်စောင့်အစိုးရအဖြစ် ထပ်မံဖွဲ့စည်းကြောင်း  ဩဂုတ်လ ၁ ရက်နေ့က ကြေညာလိုက်တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပြီး တုံ့ပြန်လိုက်တာပါ။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ မည်သည့် တည်ဆဲဥပဒေနဲ့မှ ကိုက်ညီမှုမရှိတဲ့အပြင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို အတင်းအဓမ္မ အကြမ်းဖက်လုယူပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အခွင့်အရေးတွေနဲ့ ရပိုင်ခွင့်တွေကို ဆိုးရွားစွာထိခိုက်စေဖို့ လုပ်ဆောင်တာဖြစ်လို့ စစ်ကောင်စီရဲ့ အိမ်စောင့်အစိုးရအဖွဲ့အား မတရားအသင်းအဖြစ်ကြေညာလိုက်တယ်လို့ NUG တရားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

စစ်ကောင်စီက အာဏာသိမ်းပြီး ၆ လအကြာမှာ အိမ်စောင့်အစိုးရအဖြစ် ထပ်မံဖွဲ့စည်းလိုက်သလို စစ်ကောင်စီခေါင်းဆောင်ကိုလည်း ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ပြီး ပြည်နယ်နဲ့တိုင်းတွေမှာလည်း ဝန်ကြီးဌာနတွေ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းကာ ဝန်ကြီးတွေခန့်အပ်နေတာ ဖြစ်ပါတယ်။

လက်နက်မဲ့ပြည်သူတွေကို နေ့စဉ်ပစ်ခတ်သတ်ဖြတ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း ထုတ်ပြန်ကြေညာထားပါတယ်။

4 months Ago
Up